
ကရင်ပြည်နယ် ဖာပွန်မြောက်ပိုင်းမှာရှိတဲ့ တပ်စခန်းတွေကို ရိက္ခာပို့ဆောင်ဖို့ စစ်ကောင်စီတပ်က စစ်ကြောင်း ထိုးနေတာကြောင့် တိုက်ပွဲတွေပြင်းထန်ပြီး စစ်တပ်ဘက်က လေကြောင်းပစ်ကူ ရယူ နေရတယ်လို့ တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။
ဖေဖော်ဝါရီလ နောက်ဆုံးပတ်ကစပြီး ဖာပွန်မြောက်ပိုင်း၊ လူသောမြို့နယ်အတွင်းက စစ်ကောင်စီ တပ်စခန်းတွေအတွက် ရိက္ခာပို့ဆောင်ဖို့ စစ်တပ်က စစ်ကြောင်းထိုးနေတာပါ။
ဒါပေမဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ် တိုက်ခိုက်တာကြောင့် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က လေကြောင်းပစ်ကူ ရယူနေရတယ်လို့ တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။
“ဖာပွန်မြောက်ပိုင်း လူသောမြို့နယ်ဘက်မှာ ရိက္ခာတွေပို့ဖို့ တပ်တွေလာပြီး စစ်ကြောင်း ထိုးလာတယ်။ ရိက္ခာပို့ဖို့အတွက် ဆိုပြီးတော့ သူတို့တပ်တွေ တက်လာတယ်။ တက်လာတဲ့အပေါ်မှာ ဒီဘက်ကလည်းပဲ သူတို့ တက်လို့ မရအောင် နှောင့်ယှက်ပြီးတော့မှ ပစ်ခတ်ကြတယ်။ အဲဒီမှာ နေ့တိုင်း တိုက်ပွဲဖြစ်နေတယ်။ အကြီး(တိုက်ပွဲကြီး)လည်းရှိတယ်၊ အသေး(တိုက်ပွဲငယ်)လည်း ရှိတယ်။ လေကြောင်းပစ်ကူနဲ့ နေ့တိုင်းပဲ လာပြီးတော့ပစ်တယ်။ နောက် ရိက္ခာပို့ဖို့ လုံခြုံရေး လာယူတဲ့ တပ်ဖွဲ့တွေတော့ တက်လာတယ်။ လာတော့ တိုက်ပွဲ တအားဖြစ်တယ်။ တိုက်ပွဲ အကြီးအကျယ်ဖြစ်တယ်လို့ ပြောလို့ရတယ်။”
တပ်မဟာ ၅ နယ်မြေအတွင်း ဖာပွန်ဗျူဟာအပါအဝင် တပ်စခန်း ၁၀ ခုထက်မနည်း ကျန်ရှိနေတာ ကြောင့် မိုးမကျမီ တပ်စခန်းတွေဆီ ရိက္ခာပို့ဆောင်နိုင်ရေး စစ်ကောင်စီဘက်က ကြိုးစား နေတာပါ။
ဒါကြောင့် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်နေတာကြောင့် ပြည်သူလူထုတွေ ထိခိုက်နစ်နာမှု ရှိလာနိုင်တယ်လို့ ကရင်စစ်ရေးလေ့လာသူတယောက်က ပြောပါတယ်။
“ရိက္ခာပို့ဖို့ ကြိုးစားနေတာ နည်းနည်းတောင်ကြာပြီ။ ဒါပေမဲ့ မအောင်မြင်ဘူး။ ကြားညှပ်ပြီး ပိတ်မိ နေတဲ့ သူတို့ရဲ့ စကမ စခန်းတွေ ရိက္ခာတွေက ပြတ်လပ်လို့ ထောက်ပို့ပေးနိုင်ဖို့အတွက် ဒီလမ်းကြော ကို မဖြစ်မနေ သူတို့ မရရအောင် တက်ရမယ်။ မရရအောင် ခြေကုပ်ယူရမယ်ဆိုတဲ့ အထက် အမိန့်ကြောင့်လည်း ဖြစ်နိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုက လေယာဉ်ပျံနဲ့ပါ ဗုံးကြဲတယ်ဆိုရင် အဲဒီအနီးအနားမှာရှိတဲ့ ဒေသခံ ပြည်သူလူထုတွေကတော့ အနည်းနဲ့အများ ထိခိုက်နစ်နာမှုရှိမယ်။ စစ်ဘေးပေါလာမယ်လို့ ယူဆရတယ်။ နောက်တခုက ဒီလိုမျိုး ဗုံးကြဲလာပြီဆိုရင် နှစ်ဖက်စလုံး ထိခိုက်နစ်နာမှုတွေ များနိုင်တယ်။ ဒီအပြင်လည်း စစ်ပွဲက ပိုပြီး ကြာမြင့်လာဖို့ရှိတယ်။ ပိုပြီးတော့မှ ပိုဆိုးလာမယ်၊ ပိုကြမ်းလာမဲ့ အနေအထား ရှိတယ်လို့ သုံးသပ်ရတယ်။”
ဒါ့အပြင် မတ် ၈ ရက် ည ၁၁ နာရီလောက်က ဒွယ်လိုမြို့နယ် မယ်ကောလော့ကျေးရွာကို ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် မိသားစုဝင် ၃ ယောက် ထိမှန်ခဲ့ပြီး အဲဒီထဲက အမျိုးသမီးဖြစ်သူ သေဆုံးကာ အမျိုးသားနဲ့ ၂ နှစ်အရွယ်ကလေး ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အပြင် နေအိမ် ၃ လုံး ထိခိုက် ပျက်စီး ခဲ့တယ်လို့ တပ်မဟာ ၅ တာဝန်ရှိသူက ပြောပါတယ်။
အောင်ခန့်











