
အမေရိကန်စစ်တပ်က မတ် ၁၀ ရက်မှာ ဟော်မုဇ် ရေလက်ကြားနားက အီရန်မိုင်းထောင်သင်္ဘော ၁၆ စင်းကို ဖျက်ဆီးခဲ့တယ်လို့ အမေရိကန်ဗဟိုကွပ်ကဲရေးဌာနက ကြေညာချက် ထုတ်ပြန်ပြီး အီရန်သင်္ဘောတွေနဲ့ မိုင်းထောင်သင်္ဘောတွေကို တိုက်ခိုက်နေတာကို ပြထားတဲ့ ဗီဒီယိုတခုကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။
အီရန်က ရေလက်ကြားမှာ ထောင်ထားတဲ့ ဘယ်မိုင်းကိုမဆို ချက်ချင်းဖယ်ရှားရမယ်လို့လည်း သမ္မတ ဒေါ်နယ်ထရမ့်ပ်က သတိပေးခဲ့ပါတယ်။
အမေရိကန်က မိုင်းထောင်သင်္ဘော ၁၀ စင်းကို လုံးဝဖျက်ဆီးခဲ့တယ်လို့ ထရမ့်ပ်က အရင်က ပြောဖူးပါတယ်။
ရေနံတင်ပို့မှုအတွက် အဓိကလမ်းကြောင်းတခုဖြစ်တဲ့ ရေလမ်းကြောင်းမှာ အီရန်က မိုင်းတွေ ထောင်နေတယ်ဆိုတဲ့ မီဒီယာသတင်းတွေကို တုံ့ပြန်တဲ့အနေနဲ့ ထရမ့်ပ်က Truth Social လူမှုကွန်ရက်ပေါ်ကနေ သတိပေး ပြောခဲ့တာပါ။
“သူတို့လုပ်နေတယ်ဆိုတဲ့ သတင်းကိုတော့ ကျနော်တို့ မရထားသေးပါဘူး။ တကယ်လို့ အီရန်က ဟော်မုဇ်ရေလက်ကြားမှာ မိုင်းတွေ ထောင်ထားတယ်ဆိုရင် ချက်ချင်းဖယ်ရှားပစ်စေချင်ပါတယ်” လို့ ထရမ့်ပ်က ရေးခဲ့ပါတယ်။
အီရန်အစိုးရက မိုင်းတွေကို မဖယ်ရင် စစ်ရေးအကျိုးဆက်တွေနဲ့ ရင်ဆိုင်ရမယ်လို့လည်း သူက အသေးစိတ် မဖော်ပြဘဲ ပြောခဲ့ပါတယ်။
အမေရိကန်ဟာ ဟော်မုဇ်ရေလက်ကြားမှာ မိုင်းထောင်ဖို့ ကြိုးစားတဲ့ လှေ ဒါမှမဟုတ် သင်္ဘောတိုင်း ကို အပြီးတိုင်ဖယ်ရှားဖို့ မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေကို ပစ်မှတ်ထားတဲ့ နည်းပညာကို သုံးနေတယ်လို့လည်း ထရမ့်ပ်က ပြောခဲ့ပါတယ်။
မကြာသေးမီလတွေအတွင်း အမေရိကန်ဟာ ကာရစ်ဘီယံနဲ့ ပစိဖိတ် အရှေ့ပိုင်းမှာ မူးယစ်ဆေးဝါးတွေ သယ်လာတယ်လို့ စွပ်စွဲထားတဲ့ သင်္ဘောတွေ အများအပြားကို တိုက်ခိုက်ခဲ့ပြီး လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ရပြီးပါပြီ။
အီရန်မိုင်းထောင်သင်္ဘောတွေနဲ့ မိုင်းသိုလှောင်ရုံတွေကို တိုက်ခိုက်ခဲ့တယ်လို့ ပင်တဂွန်က အင်္ဂါနေ့ အစောပိုင်းမှာ ပြောခဲ့ပါတယ်။
အီရန်နဲ့ အမေရိကန်-အစ္စရေးစစ်ပွဲဟာ ကမ္ဘာလုံးဆိုင်ရာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ရည် ငါးပုံတပုံ လောက် ပုံမှန်ဖြတ်သန်းသွားလာလေ့ရှိတဲ့ အီရန်ကမ်းရိုးတန်းတလျှောက် ဟော်မုဇ်ရေလက်ကြားက တဆင့် တင်ပို့မှုတွေကို ထိထိရောက်ရောက် ဟန့်တားခဲ့ပါတယ်။
Source: Reuters











