DVB Logo
Home
မြန်မာသတင်း
လိပ်ကျွန်းအမှုအတွက် မြန်မာဘက်က သက်သေ ၂၇ ဦး တင်ပြီး
DVB
·
December 25, 2014
လိပ်ကျွန်းအမှုအတွက် မြန်မာဘက်က သက်သေ ၂၇ ဦး တင်ပြီး
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် လိပ်ကျွန်း (ခိုတောင်းကျွန်း) လူသတ်မှု စွပ်စွဲခံလူငယ်နှစ်ဦးရဲ့ မိသားစုဝင်တွေဟာ ဒီကနေ့ညနေလေကြောင်းခရီးနဲ့ ထိုင်းနိုင်ငံဘန်ကောက်မြို့ကို ရောက်ရှိခဲ့ကြပြီး မနက်ဖြန်မှာ သားငယ်တွေရဲ့ ရုံးထုတ်ကို တက်ရောက်မှာဖြစ်ပါတယ်။

Koa Toaမြန်မာသံရုံးအထူးအဖွဲ့က ရှေ့နေ ဦးအောင်မျိုးသန့်က “ကလေးမိဘတွေ (စွပ်စွဲခံ ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ရဲ့ မိဘများ) ကျနော်တို့နဲ့ ပါလာတယ်။ ကျနော်တို့ စူရတ် (စူရတ်ဌာနီ) ကို လေယာဉ်နဲ့ဆင်းမလို့လုပ်နေတယ်။”

စက်တင်ဘာ ၁၅ ရက်နေ့က လိပ်ကျွန်းမှာ လူသတ်မှု၊ မုဒိမ်းမှုအပါအ၀င်အမှု ၇ မှုနဲ့ စွဲဆိုတဲ့အမှုကို မနက်ဖြန်ကျရင် စူရတ်ဌာနီမြို့ ကော့စမွီခရိုင်တရားရုံးမှာ ရုံးထုတ် စစ်ဆေးမှာဖြစ်ပါတယ်။

ပထမအကြိမ်ရုံးချိန်းစဉ်က တရားသူကြီးက စွပ်စွဲခံမြန်မာလူငယ်နှစ်ဦးကို အပြစ်ကျူးလွန်မှုရှိမရှိ မေးမြန်းခဲ့ရာမှာ ကျူးလွန်ခြင်းအလျဉ်းမရှိကြောင်း တရားရုံးမှာ ငြင်းဆိုခဲ့ကြပါတယ်။

တရားသူကြီးက နှစ်ဘက်သက်သေစာရင်းတွေကို ဒီရုံးချိန်းမတိုင်မီ တင်ကြဖို့ ဆုံးဖြတ်ညွှန်ကြားခဲ့ပါတယ်။ ဒီသက်သေစာရင်းတွေကို စွပ်စွဲခံရသူတွေဘက်က တင်ပြပြီးပြီလို့  မြန်မာသံရုံးအထူးအဖွဲ့က ရှေ့နေဦးအောင်မျိုးသန့်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့သက်သေတွေကို ဟိုတပတ်ကတည်းက တင်ပြပြီးပါပြီ။ ကြားရက်မှာ သွားတင်လိုက်ပါတယ်။ လောလောဆယ်မှာ သက်သေ (၂၇) ယောက်တင်ထားပါတယ်။”

ထိုင်းတောင်ပိုင်း လူသတ်မှုဖြစ်ပွားပြီး နှစ်ပတ်ခန့်အကြာမှာ အသက် (၂၁) နှစ်အရွယ်ရှိကြတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကို ဖမ်းဆီးစစ်ဆေးအရာမှာ သူတို့နှစ်ဦးက ရဲထံ ကနဦးပိုင်းက ဖြောင့်ချက်ပေးခဲ့ကြပေမယ့် နောက်ပိုင်းမှာ သူတို့ကို အသက်အန္တရာယ်ခြိမ်းခြောက်တဲ့အတွက် တကယ်မကျူးလွန်ဘဲ ၀န်ခံခဲ့တာသာဖြစ်တယ်လို့ ပြောင်းလဲထွက်ဆိုပြီး ကနဦးပေးခဲ့တဲ့ ဖြောင့်ချက်တွေကို တရားဝင် ပြန်လည်ရုပ်သိမ်းထားကြပါတယ်။

မြန်မာသံရုံးအထူးအဖွဲ့ဝင်တွေဟာ လွန်ခဲ့တဲ့သီတင်းပတ်က မြန်မာပြည်ကို သွားရောက်ခဲ့ကြပြီး လိပ်ကျွန်းလူသတ်မှု စွပ်စွဲခံရမှုနဲ့စပ်လျဉ်းတဲ့ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့သလို အစိုးရနဲ့ လွှတ်တော်တွေက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး လူအား ငွေအား အကူအညီတွေ ရဖို့ ကတိက၀တ်တွေ ရခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013