DVB Logo
Home
မြန်မာသတင်း
စစ်ဆေးရေးကြောင့် ဒုက္ခသည်များကို ကူညီရေး ကြန့်ကြာမှုများ ရှိနေ
DVB
·
December 26, 2014
စစ်ဆေးရေးကြောင့် ဒုက္ခသည်များကို ကူညီရေး ကြန့်ကြာမှုများ ရှိနေ
Donate to DVB

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ဒုက္ခသည်စခန်းတွေကို သွားရောက်ကူညီရာမှာ အစိုးရ ဂိတ်တွေရဲ့ စစ်ဆေးမှုကြောင့် ဒုက္ခသည်တွေကို ကူညီဖို့ ခက်ခဲကြန့်ကြာမှုတွေ ရှိနေတယ်လို့ မူဆယ်မြို့က ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းက ကချင်ဒုက္ခသည်စခန်းတွေကို ကူညီဖို့ ရန်ကုန်၊ မန္တလေးမြို့က အလှူပစ္စည်းတွေ မူဆယ်ဘက်ကို ပို့ဆောင်ရာမှာ မူဆယ် (၁၀၅) မိုင် ဂိတ်က စစ်ဆေးနေ တာလို့ မူဆယ် ကချင်နှစ်ခြင်း ခရစ်ယန်အသင်းက ဦးနော်ဒင်းက ပြောပါတယ်။

“လုံးဝ သွားလို့မရတာတော့မဟုတ်ဘူး။ ဒါပေမယ့် စစ်ဆေးမေးမြန်းမှုတွေက ခဏခဏ ဖြစ်နေတယ်။ တခါတလေ တရက်လုံးကြတယ်။  လွန်ခဲ့တဲ့အချိန်တုန်းက ကျနော်တို့ ပို့နေတာ ကယ်ဆယ်ရေးပစ္စည်းတွေကို စစ်တောင်မစစ်ဘူး။ ဒီအတောအတွင်းမှာ ဘာဖြစ်လို့လည်းတော့ မသိဘူး။ ပစ္စည်းတွေကို ပြည်နယ်အစိုးရ ဒါမှမဟုတ် သက်ဆိုင်ရာ ၀န်ကြီးဌာနက ထောက်ခံစာလိုအပ်တယ်ဆိုပြီး ကျနော်တို့ကို ပြောတာပေါ။”

ကဦးပိုင်းစစ်ဆေးမှုနဲမတူပဲ ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်းကစပြီး အချိန်ယူစစ်ဆေးနေ တာလို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံတ၀န်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရတပ်တွေအကြား အပစ်အခတ် မရှိတော့သလောက် နီးပါးဖြစ်နေပေမယ့် ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေမှာ လွန်ခဲ့တဲ့လပိုင်းက ထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။

ကိုနော်ဒင်းတို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဟာ အလှူရှင်တွေ လှူတဲ့ ပစ္စည်းတွေကို ရှမ်းပြည်မြောက်ပိုင်း နမ်းခမ်း၊ မူဆယ်၊ ပန်ဆိုင်း၊ ကွတ်ခိုင်၊ မန်တုံ၊ နမ္မတူ မြို့နယ်တွေမှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို ဖြန့်ဝေပေးတာလို့ ပြောပါတယ်။

“သူများလှူလိုက်တဲ့ပစ္စည်းတွေကို မူဆယ်ကချင်နှစ်ခြင်းဘုရားကျောင်းဝင်းမှာ လက်ခံထားတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ ဒုက္ခသည်စခန်း ၂၃ ခု ရှိပေမယ့် ကျနော်တို့က ၁၇ ခုကိုသာ ဖြန့်ဝေပေးတယ်။ အဲစခန်း ၁၇ ခုမှာ အိမ်ထောက်စုပေါင်း ၁၄၀၄ စု လူဦးရေ ၆၀၀၀ ကျော်ရှိတယ်။”

လှူတဲ့ ပစ္စည်းအများစုဟာ စောင်၊ အနွေးထည်၊ မိုးကာ အစရှိတဲ့ ပစ္စည်းတွေသာဖြစ်ပြီး ဆန်နဲ့ စာနပ်ရိက္ခာတွေကိုတော့ နိုင်ငံတကာ အလှူရှင်တွေက ပေးလှူတယ်လို့ ပြောပါတယ်။ လှူဒါန်းမှုတွေ ရှိနေပေမယ့် မလုံလောက်ကြဘူးလို့ ပြောပါတယ်။

“တခြားဒေသတော့ ကျနော်မသိဘူး။ ကျနော်တို့ ရှမ်းပြည်မြောက်ပိုင်းမှာ ဆောင်းတွင်း တော်တော်လေး အေးပါတယ်။ အနွေးထည်ဆိုရင် ကျနော်တို့သူများ လှူတဲ့ ပစ္စည်းပြန်လှူတဲ့အခါမှာ ကျနော်တို့က အကုန်လုံးကို မျှတအောင် မပေးနိုင်ဘူးလေ။ စားဝတ်နေရေးမှာဆိုရင်လည်း သက်ဆိုင်ရာက ဆန်၊ ဆီ၊ ဆား ပေးနေတာပေါ့။ ဆိုတော့ ဒီဟာနဲ့ပဲ အသက်ရှင်ရမလိုဖြစ်နေတယ်။ ဆိုတော့ တခြားဟင်းသီးဟင်းရွက်ဖိုးတို့ လိုအပ်ချက်တွေ ရှိနေတာပေါ့နော်။”

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဒုက္ခသည်စခန်း ၂၃ ခုရှိပြီး လူဦးရေ ၁ သောင်းကျော်ခိုလှုံနေပါတယ်။

တရုတ်-မြန်မာနယ်စပ် ကချင်လွတ်လပ်ရေးအဖွဲ့ ဌာနချုပ် လိုင်ဇာအနီးက စစ်ပြေးဒုက္ခ သည်စခန်းတွေထံ အောက်တိုဘာလကတည်းကစပြီး နိုင်ငံတကာ အကူအညီတွေ မရောက်ဘဲ ဒေသခံ အလှူတွေနဲ့သာ နေထိုင်နေကြရတယ်လို့ ကချင်ဒုက္ခသည် ကော်မတီ ဥက္ကဋ္ဌ ဦးဒွဲဗီဇာက ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိအစိုးရသက်တမ်း ၄ နှစ်ကျော်ကာလ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ဖို့ နီးစပ်တဲ့အလားအလာတွေ မြင်တွေ့နေရချိန်မှာ နယ်စပ်တကြောနဲ့ တောတောင်တွေကြားမှာ စစ်ဘေးဒုက္ခသည် သိန်းပေါင်းများစွာကို  ပြန်လည်နေရာချထားရေး အစီအစဉ်ကတော့ မသေမချာဖြစ်နေဆဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013