
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကြွေချိုင်ရွာမှာ မတ် ၈ ရက် နေ့လယ်က စစ်ကျန်ဗုံးသီးတလုံး ပေါက်ကွဲခဲ့တာကြောင့် ဆယ်ကျော်သက်အရွယ် ကလေးတယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ဒေသခံအမျိုးသားတယောက်က ပြောပါတယ်။
“ကလေးတွေက နေ့လယ်ခင်း ပင်လယ်ကမ်းနားမှာ ကစားနေကြတာပါ။ အဲဒီကစားနေတဲ့ နေရာနားက ဗုံးသီးတလုံးရတယ်၊ အဲဒီဗုံးသီးကို သူတို့ ထုကစားလို့ ပေါက်သွားတာပါ။”
စစ်ကျန်ဗုံးသီး ပေါက်ကွဲတာကြောင့် ကြွေချိုင်ရွာမှ မောင်ဝေယံလင်း (၁၂ နှစ်) အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး မောင်ကျော်ကိုကို (၁၂ နှစ်) နဲ့ မောင်ထွန်းလင်းနိုင် (၁၁ နှစ်) တို့ကတော့ ခန္ဓာကိုယ်အနှံ့ ပြင်းထန်ဒဏ်ရာရခဲ့ကြတယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတယောက်က “အခု ဒဏ်ရာရတဲ့သူတွေကို အရေးပေါ် ဆေးကုသထားရတယ်၊ တယောက်ကတော့ ပွဲချင်းပြီး သေဆုံးသွားတယ်” လို့ ပြောပါတယ်။
ဒဏ်ရာရရှိသွားတဲ့ မောင်ကျော်ကိုကိုနဲ့ မောင်ထွန်းလင်းနိုင်တို့ကို အာရက္ခပြည်သူ့ ကျန်းမာရေးဌာနမှာ အရေးပေါ် ဆေးကုသပေးနေတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတို့ကြား နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကျန်လက်နက်၊ ဗုံးသီး၊ မိုင်းတွေ ကျန်ခဲ့တာကြောင့် ဒေသခံပြည်သူနဲ့ ကျွဲနွားတိရစ္ဆာန်တွေ လစဉ်ဆိုသလို သေဆုံးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကလည်း သိမ်းပိုက်ထားတဲ့ မြို့နယ်တွေမှာ စစ်ကျန်လက်နက်နဲ့ မိုင်းတွေ ရှာဖွေနေပြီး ပြည်သူတွေကိုလည်း မိုင်းနဲ့ စစ်ကျန်လက်နက် ပေါက်ကွဲမှု အသိပညာပေး စာရွက်စာတမ်း ဝေငှတာ၊ ဟောပြောပွဲတာတွေ လုပ်နေတယ်လို့ သိရပါတယ်။










