DVB Logo
Home
မြန်မာသတင်း
ကော်မရှင်အကြံပြုချက်အတိုင်း လုပ်ဆောင်ရန် ပညာရှင်တိုက်တွန်း
DVB
·
December 25, 2014
ကော်မရှင်အကြံပြုချက်အတိုင်း လုပ်ဆောင်ရန် ပညာရှင်တိုက်တွန်း
Donate to DVB

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာမှာ လွန်ခဲ့တဲ့ရက်ပိုင်းက လူသေဆုံးရတဲ့အထိ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းဟာ လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းစုံစမ်းစစ်ဆေးရေး ကော်မရှင်အကြံပြုသလို အကောင်အထည်မဖော်ကြလို့ ဖြစ်တယ်လို့  ပညာရှင်တွေက ပြောပါတယ်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင် တာဝန်ပေးချက်အရ  ကွင်းဆင်းစစ်ဆေးပြီး အစီရင်ခံစာရေးသားကူညီခဲ့တဲ့ မြန်မာ့ပတ်ဝန်းကျင်သိပံ္ပအဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင် ဦးစိုးသူရထွန်းက ပြောဆိုပါတယ်။

သူက “ကျနော်တို့က အဓိက မီးမောင်းထိုးပြချင်တာကတော့ ကျနော်တို့ စံနှုန်းတွေရှိတဲ့အတိုင်း အကြံပေးခဲ့တယ်။ အကြံပေးတာအတိုင်းပဲ စုံစမ်းရေးကော်မရှင်က ဒါကို သမ္မတဆီကို အကြံပြုခဲ့တယ်ပေါ့။ ဒီပေါ်မှာ လက်တွေ့ သူတို့အကောင်အထည်ဖော်တဲ့သူက ဆက်မလုပ်တဲ့အတွက်ကြောင့် ဒီလို မဖြစ်သင့်တာတွေ ဖြစ်ခဲ့ရတာလို့ပဲ မြင်ပါတယ်။”

မြန်မာ့ပတ်ဝန်းကျင်သိပံ္ပအဖွဲ့ဟာ ကော်မရှင်တာဝန်ပေးချက်အရ ကြေးနီစီမံကိန်းကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဘက်က စနစ်တကျ ဆောင်ရွက်ထားခြင်း ရှိမရှိ  စိစစ်အကြံပြုခဲ့ပါတယ်။  ၂၀၁၃ ခုနှစ်မတ်လမှာ သမ္မတထံ ဒီအစီရင်ခံစာ တင်သွင်းခဲ့ပြီး သမ္မတက အဲဒီနေ့မှာပဲ အစီရင်ခံစာ အကောင်အထည်ဖော်ရေးကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့က မြန်မာဝမ်ပေါင်ကုမ္ပဏီဝန်ထမ်းတွေဟာ  ရာနဲ့ချီတဲ့ မြန်မာလုံခြုံရေးအင်အားတွေရဲ့အကူအညီနဲ့ စီမံကိန်းဧရိယာဝင်းကို အတင်းအကျပ် ခြံစည်းရိုးခတ်ခဲ့ပါတယ်။ ဒီဆောင်ရွက်ချက်အပေါ် မြေယာလျော်ကြေးမယူတဲ့ရွာသားတွေက တားမြစ်ရာက အဓိကရုဏ်းဖြစ်ပြီး မိုးကြိုးပြင်အလယ်ရွာသူ ဒေါ်ခင်ဝင်း နဖူးမှာ သေနတ်ထိမှန်သေဆုံးခဲ့သလို နှစ်ဘက် ဒဏ်ရာ အသီးသီးရခဲ့ကြပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပဋိပက္ခတွေဟာ  ကော်မရှင် အကြံပြုချက်တွေကို ပြည့်ပြည့်၀၀ အကောင်အထည်မဖော်ခြင်းနဲ့ ရုန်းရင်းဆန်ခတ်မှုတွေကို ဖြေရှင်းဖို့ နည်းလမ်းတွေ အတိအကျရှိပေမယ့် လိုက်နာမှုမရှိလို့ ဖြစ်ခဲ့ရတာလို့ ဒီဇင်ဘာ ၂၄ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စစ်ကိုင်းတိုင်းဒေသကြီးက တာဝန်ရှိသူတွေဟာလည်း ဒီဇင်ဘာ ၂၄ ရက်နေ့ခင်းမှာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးကို သွားရောက်တွေ့ဆုံမေးမြန်းခဲ့ကြပါတယ်။

ဒီတွေ့ဆုံပွဲမှာပါဝင်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြင့်နိုင်က “ သူက ခြံစည်းရိုးခတ်တာ ပြီးသွားပါပြီတဲ့ ဆက်ခတ်စရာမလိုတော့ပါဘူးတဲ့။ နောက်တခါ ဆည်ရွာမှာ ရဲမှူးကြီးက မီးရှို့မယ်ဆိုပြီး ကြိမ်းသွားတာ ဟုတ်ပါသလားဆိုတော့ မဟုတ်ပါဘူးတဲ့။ နောက် အခုကိစ္စမှာ ဘယ်သူက တာဝန်ရှိပြီး ဘယ်လိုဖြေရှင်းကြမှာလဲလို့ မေးတော့ သူတို့ ကော်မရှင်ဖွဲ့ထားပါတယ်တဲ့။   အဲဒီကော်မရှင် အစီရင်ခံစာထွက်လာပြီးမှ အမြန်ဆုံးဖြေရှင်းပါ့မယ်တဲ့။ နှစ်ပတ်အတွင်း ဖြေရှင်းပါ့မယ်တဲ့။ အ ခုပါသွားတဲ့ လယ်ယာမြေတွေကိစ္စအတွက် တနှစ်စာ သီးနှံလျော်ကြေးပေးမယ်တဲ့၊ နောက် အရင်က မြေယာလျော်ကြေးပေးထားတဲ့အတိုင်းပဲ မည်သူမဆို  အချိန်မရွေးလာထုတ်လို့ရပါတယ်တဲ့။ လျော်ကြေးလည်း တိုးပေးထားပါတယ်လို့ ပြောတယ်ဗျ။ ဒေါ်ခင်ဝင်းကိစ္စကိုတော့ သူတို့ ကြားကနေ ၀င်နေပါတယ်။ အခုနေ ၀င်သွားရင် တမျိုးဖြစ်မှာစိုးလို့။ သူတို့တော့ လျော်ကြေးပေးဖို့တော့ အစီအစဉ်ရှိတယ်လို့ ပြောတယ်။ ဒဏ်ရာရသူတွေ ဆေးရုံတက်သူတွေအတွက်လည်း သူတို့ပြောပါတယ်။”

ဒီကနေ့မနက်မှာတော့ မြန်မာ့သဘာဝပ၀တ်ဝန်းကျင်သိပ်ပံပညာရှင် သုံးဦးနဲ့ ပုလဲမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောလှိုင်တို့ဟာ ကြေးနီစီမံကိန်းနယ်မြေက မြန်မာ-၀မ်ပေါင်ကုမ္ပဏီရုံးရှိရာကိုသွားရောက်ပြီး လက်ရှိသတ္တုတူးဖော်နေတဲ့နေရာတွေကို ၀င်ရောက်ကြည်ရှုခွင့် တောင်းဆိုခဲ့ကြရာမှာ ငြင်းပယ်ခံခဲ့ကြရပါတယ်။  ငြင်းပယ်ခံရသူ ပညာရှင်သုံးဦးကတော့ ဦးစိုးသူရထွန်း၊ ဦးငွေမိုးနဲ့ ဦးမင်းတင် သုံးယောက်ဖြစ်ပါတယ်။

ဒေါ်ခင်စန်းလှိုင်က “မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ကလည်း သူတို့ရဲ့ အကြီးအကဲ စာမပါဘဲနဲ့ ၀င်လို့မရဘူး။ ၀မ်ပေါင်ကုမ္ပဏီအနေနဲ့ ၀င်မယ်ဆိုရင်လည်း ၀မ်ပေါင်ကုမ္ပဏီဟာ သူတို့လက်အောက်မှာရှိတဲ့အတွက် သူတို့ခွင့်မပြုနိုင်ဘူးလို့ ပြောတယ်။ သူတို့အနေနဲ့ ဒီဒေသတခုလုံးကို လေ့လာပြီးမှ ဒီအစီရင်ခံစာကို ရေးခဲ့တဲ့ပုဂ္ဂိုလ်တွေဆိုတော့ အစီရင်ခံစာထွက်ပြီးနောက်ပိုင်း ၂ နှစ်လောက်ကြာတဲ့အထိအချိန်ပေါ့လေ၊ ဒီဆောင်ရွက်နေတဲ့ လုပ်ငန်းတွေနဲ့ တိုးတက်မှုနဲ့ ဖြစ်စဉ်တွေကို သူတို့အနေနဲ့ ကြည့်ရှုလိုတဲ့အတွက်ကြောင့် ခွင့်တောင်းပြီးတော့ သူတို့ကတော့ လာရောက်တာပါ။ လာရောက်တယ်ဆိုတဲ့အခါမှာ ကော်မရှင်ထဲမှာ ပါသည်ပဲဖြစ်စေ၊ မပါသည်ပဲဖြစ်စေ၊ မည်သို့ပဲဖြစ်စေကာမူ သူတို့အနေနဲ့ကတော့ ကုမ္ပဏီအကြီးအကဲရဲ့ ခွင့်ပြုချက်မရရင် ၀င်ခွင့်မရှိဘူးဆိုပြီးတော့ ခုလို ငြင်းပယ်ခံလိုက်ရတာပါ” လို့ ပြောပါတယ်။

မြန်မာဝမ်ပေါင် ကြေးနီသတုတူးဖော်ရေးလီမီတက်က အဓိကရုဏ်းဖြစ်တဲ့ ဒီဇင်ဘာ ၂၂ ရက်နေ့ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံအစိုးရရဲ့ လမ်းညွှန်ချက်နဲ့ သဘောတူခွင့်ပြုချက်အရ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းလုပ်ငန်းဧရိယာ တိုးချဲ့လုပ်ကိုင်ခြင်းကို လုပ်ကိုင်ဆောင်ရွက်နေပါကြောင်းနဲ့ စီမံကိန်းဒေသရှိ ဒေသခံအများစု၏ ထောက်ခံပေးမှုကြောင့် စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းကို ဆက်လက်ဆောင်ရွက်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ကော်မရှင်အကြံပြုချက်တွေကတော့----

ကော်မရှင်ရဲ့ အကြံပြုချက်တွေထဲမှာ  (၁) လယ်ယာမြေသိမ်းဆည်းခံရသူများ၊ ကျေးရွာပြောင်းရွှေ့ခံရသူများ အတွက်တည်ဆဲဥပဒေ (၁၈၉၄ ခုနှစ်၊ မြေသိမ်းအက်ဥပဒေ ပုဒ်မ ၄(၁)၊ ပုဒ်မ ၁၅၊ ပုဒ်မ ၂၃ (၁) ) တို့အရ အမိန့်ကြော်ငြာစာ ထုတ်ပြန်သည့်နေ့တွင် ထိုမြေ၏ ကာလတန်ဖိုး (Market Value)ဖြင့် မြေလျော်ကြေး ပေးအပ်ခဲ့ခြင်း မရှိကြောင်း စိစစ်တွေ့ရှိရသဖြင့် အမှန်တကယ် စိုက်ပျိုးထားသော လယ်မြေ ၃၉ ဒသမ ၉ ဧက၊ ယာမြေ ၅၀၁၇ ဒသမ ၁ ဧကနှင့် ဦးပိုင် မပေါက်သော်လည်း စိုက်ပျိုးထားမြေ ၁၇၂၇ ဧက၊ စုစုပေါင်း ၆၇၈၄ ဧကကို သင့်တော်သော ကာလပေါက်ဈေးနှုန်းဖြင့် ပြန်လည် ပေးသင့်ပါကြောင်း အကြံပြုအပ်ပါသည်။

(၂) ယင်းရွာများ ပတ်ဝန်းကျင်တွင် မြေလွတ်၊ မြေလပ် ၁၉၀၀ ဧကခန့် ရှိသဖြင့် စိုက်ပျိုးနိုင်သော မြေဖြစ်အောင် ဖော်ထုတ်ပြုပြင်၍ လယ်ယာမြေ ဆုံးရှုံးမှုများအတွှက် အစားထိုး ပြန်လည်ချထားပေး သင့်ပါကြောင်း အကြံပြုအပ်ပါသည်။

(၃) စီမံကိန်းလုပ်ငန်းအတွှက် အမှန်တကယ် လိုအပ်မည့် မြေဧရိယာ ပမာဏကိုသာ အတတ်နိုင်ဆုံး အနည်းဆုံး သိမ်းဆည်းရန် ပြဋ္ဌာန်း ထားသည့် မြေသိမ်းဥပဒေနှင့် အညီ လိုက်နာသင့် ပါကြောင်း အကြံပြုအပ် ပါသည်။” ဆိုပြီးပါရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013