
မူးယစ်ဆေးဝါးဂိုဏ်းတွေကို တိုက်ဖျက်ရေး စစ်ရေးမဟာမိတ်အဖွဲ့တခု ဖွဲ့စည်းကြောင်း ကြေညာဖို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ်က လက်တင်အမေရိက ခေါင်းဆောင်တွေကို မတ် ၇ ရက်မှာ ကြိုဆိုလိုက်ပါတယ်။
ဒါဟာသူ့ရဲ့ ဒုတိယသက်တမ်းတလျှောက်လုံး လုပ်ခဲ့တဲ့ အငြင်းအခုံနဲ့ ကိုက်ညီတယ်လို့ မီဒီယာ တွေက သုံးသပ်ပါတယ်။
ထရမ့်ပ်ဟာ လက်တင်အမေရိကမှာ သူ့အစိုးရရဲ့ ပါဝင်ပတ်သက်မှုကို မြှင့်တင်ဖို့၊ ပြီးခဲ့တဲ့ လတွေအတွင်း ဗင်နီဇွဲလားကို ဖိအားပေးဖို့နဲ့ ဇန်နဝါရီလမှာ ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုကို ဖမ်းဆီးဖို့ အဓိကအကြောင်းရင်းအဖြစ် မူးယစ်ဆေးဝါးဂိုဏ်းတွေကို ထောက်ပြခဲ့ပါတယ်။
ထရမ့်ပ်က ဖိတ်ကြားစီမံတဲ့ အမေရိကရဲ့ ဒိုင်းလို့ နာမည်ပေးထားတဲ့ ထိပ်သီးအစည်းအဝေးကို ဗဟိုအမေရိက၊ တောင်အမေရိကနဲ့ ကာရစ်ဘီယံဒေသတို့က ခေါင်းဆောင် တစ်ဒါဇင်ထက်မနည်း တက်ခဲ့ပြီး မဟာမိတ်အဖွဲ့ကို စတင်ကြောင်း ကြေညာချက်ကို ပါဝင်လက်မှတ်ရေးထိုးခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းက ပဋိပက္ခကြောင့် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ဈေးနှုန်းတွေ မြင့်တက်လာတာလို အကျိုးဆက်တွေကြားမှာ အိမ်နီးချင်းတွေနဲ့ ပိုနီးကပ်တဲ့ ခွန်အားကို ပြသဖို့ စနေနေ့ စုဝေးမှုက ထရမ့်ပ်ကို အခွင့်အရေးပေးထားပါတယ်။
ဒါပေမဲ့ ထရမ့်ပ်အစိုးရက ဒေသတွင်း တရုတ်ရဲ့ လွှမ်းမိုးမှုကို တန်ပြန်ဖို့ နည်းလမ်းတွေကိုလည်း ရှာနေပါတယ်။
မတ်လကုန်မှာ တရုတ်မြို့တော် ပေကျင်းမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဆွေးနွေးဖို့ ပြင်ဆင်နေချိန်မှာ စနေနေ့က ထိပ်သီးအစည်းအဝေးကို ထရမ့်ပ်က ကျင်းပခဲ့တာပါ။
ဒေသတွင်း တရုတ်ရဲ့ ကုန်သွယ်မှု၊ ချေးငွေနဲ့ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုတွေ နှစ်ပေါင်းများစွာ တိုးတက်လာပြီးတဲ့နောက် လက်တင်အမေရိကကို အမေရိကန်အစိုးရနဲ့ ပိုနီးကပ်ဖို့ ထရမ့်ပ်အစိုးရက မျှော်လင့်နေပါတယ်။
ထိပ်သီးအစည်းအဝေးမှာ လုံခြုံရေး၊ ရွှေ့ပြောင်းနေထိုင်မှုနဲ့ စီးပွားရေးကဏ္ဍတို့မှာ ထရမ့်ပ်နဲ့ မဟာမိတ်ဖွဲ့ ထားတဲ့ ရှေးရိုးစွဲခေါင်းဆောင်တွေကို စုစည်းထားပါတယ်။
Source: Reuters










