
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝခရိုင်အတွင်းက စစ်/ရဲ သုံ့ပန်း အပါအဝင် အရပ်ဘက်အကျဥ်းသား အယောက် ၃၀ လောက်ကို လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့ သိရပါတယ်။
စစ်/ရဲ သုံ့ပန်း အပါအဝင် အရပ်ဘက်အကျဥ်းသားတွေကို ဒီနေ့ မတ် ၄ ရက် မနက် ၈ နာရီခွဲမှာ လွှတ်ပေးလိုက်တာလို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) တာဝန်ရှိသူ တယောက်က ပြောပါတယ်။
“တိုက်ပွဲတွေအထဲကပဲ ဖမ်းမိတဲ့သူတွေပါ။ စစ်ကောင်စီဘက်မှာ နေခဲ့ပေမဲ့ မှန်မှန်ကန်ကန်နေခဲ့တယ်၊ အပြစ်နည်းတဲ့သူတွေကို လွှတ်ပေးတာပါ။”
အခုလို အကျဉ်းသားတွေ လွှတ်ပေးတဲ့အပေါ် အာရက္ခတပ်တော် (AA) ကို ကျေးဇူးတင်ပြီး နောက်ထပ် အကျဉ်းသားတွေ ပြန်လွတ်လာမယ်လို့ မျှော်လင့်ကြောင်း လွတ်မြောက်လာသူရဲ့ မိသားစုဝင် တယောက်က ပြောပါတယ်။
“လမ်းစရိတ်လည်း ထောက်ပံ့တယ်၊ ကျန်းမာရေးစောင့်ရှောက်မှုလည်း ကောင်းကောင်းပေးတယ်။ အခုလို လွှတ်ပေးလိုက်တာကိုလည်း AA ကို အတိုင်းမသိ ဝမ်းသာပါတယ်။ နောက်ထပ် အကျဥ်းသားတွေ လွတ်လာဦးမယ်လို့ မျှော်လင့်ပါတယ်။”
အခုလွတ်မြောက်လာတဲ့သူတွေဟာ စစ်သုံ့ပန်း ၁၆ ယောက်၊ ရဲသုံ့ပန်းတယောက်၊ မိသားစုဝင် ၅ ယောက်နဲ့ အရပ်ဘက်က ၈ ယောက် ဖြစ်ပါတယ်။
အာရက္ခတပ်တော် (AA) က ပလက်ဝခရိုင်အပါအဝင် ရခိုင်ပြည်နယ် မြို့နယ်ထဲက စစ်သုံ့ပန်းနဲ့ အကျဥ်းသားတွေကို လွတ်ငြိမ်းခွင့်ပေးတာဟာ အယောက် ၂,၀၀၀ နီးပါး ရှိနေပြီလို့ သိရပါတယ်။










