
စစ်ကိုင်းတိုင်း ကသာမြို့တိုက်ပွဲကနေ တိမ်းရှောင်လာလို့ ဖမ်းဆီးခံရတဲ့ Non CDM တွေကို တော်လှန်ရေးတပ်တွေက အကျယ်ချုပ်နဲ့ ပြန်လွှတ်ပေးထားပြီလို့ Non CDM တွေဆီက သိရ ပါတယ်။
ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလက တိုက်ပွဲဖြစ်တာကြောင့် မြို့ပြင်ကို ထွက်ပြေးလာတဲ့ Non CDM အယောက် ၁၀၀ ဝန်းကျင်ကို တော်လှန်ရေးတပ်တွေက စိစစ်ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး မတ်လ ၃ ရက်မှာပဲ ပြန်လွှတ်ပေးလိုက်တာလို့ ဆိုပါတယ်။
Non CDM တယောက်က “မြို့တိုက်ပွဲဖြစ်နေလို့ ထွက်ခဲ့ရတဲ့နေ့က ကသာမြို့အထွက် နဘားမှာ စစ်တာ။ ဆရာမတွေတော့ အများကြီးပဲ၊ ဖမ်းတဲ့ထဲပါတယ်" လို့ DVB ကို ပြောပါတယ်။
ကသာတိုက်ပွဲဖြစ်ချိန် မြို့ထွက်က နဘား-အင်းတော်လမ်းကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသူတွေကို တော်လှန်ရေးတပ်တွေက မှတ်ပုံတင်စစ်ဆေးတာတွေ လုပ်ချိန် Non CDM ကျောင်းဆရာ၊ ဆရာမ၊ စည်ပင်ဝန်းထမ်းနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
ပြန်လွှတ်ပေးခဲ့တဲ့ ဝန်ထမ်းတွေကို မှတ်ပုံတင်သိမ်းယူထားပြီး အကျယ်ချုပ်နဲ့သွားလာလို့ရအောင် ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆီမှာ နေ့စဉ်လက်မှတ်ရေးထိုးကြရတယ်လို့ သိရပါတယ်။
တော်လှန်ရေးရဲဘော်တယောက်က “လွှတ်သင့်တဲ့လူလွှတ်ပြီး ကျန်နေတာတွေလည်း ရှိပါတယ်။ Non လည်းဖြစ် ဒလန်လိုမျိုး လုပ်ရင်တော့ လွတ်မှာ မဟုတ်ဘူး။ တသက်လုံး ဝန်ထမ်း လုပ်လာ တာလေ။ ဘာမှ မလုပ်တတ်ကြတော့ လက်ရှိ ဝန်ထမ်းပဲ လုပ်မြဲလုပ်နေတဲ့သူတွေကို သီးခံပေးရမယ် နားလည်ပေးရမယ်ဗျ” လို့ ပြောပါတယ်။
အဲဒီဝန်ထမ်းတွေဟာ တခြားမြို့ရွာတွေကို သွားလာခွင့်မရှိသလို ကသာမြို့တွင်းကိုလည်း ပြန်ဝင်ခွင့် မပြုဘူးလို့ သိရပါတယ်။
လက်ရှိမှာတော့ ကသာမြို့တိုက်ပွဲ ပြန်လည်ငြိမ်သက်နေပြီလို့လည်း ဒေသခံတွေဆီက သိရပါတယ်။











