
အာဖဂန်နစ္စတန်နဲ့ အိမ်နီးချင်း ပါကစ္စတန်တို့ကြား ရန်လိုမှုတွေ ဆက်မြင့်တက်နေချိန်မှာပဲ ကဘူးလ် ဟာ နိုင်ငံ့နယ်မြေကို တခြားနိုင်ငံတွေကို တိုက်ခိုက်တဲ့နေရာမှာ အသုံးပြုခွင့် မပေးနိုင်ဘူးလို့ အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာနက မတ် ၃ ရက် သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အနယာတူလာ ခိုဝါရဇ်မီက “ကျနော်တို့ နယ်မြေကို တခြားနိုင်ငံတွေအပေါ် အသုံးချဖို့ ဘယ်သူ့ကိုမှ၊ ဘယ်အဖွဲ့အစည်းကိုမှ ခွင့်မပြုပါဘူး။ ဒါကို ကျနော်တို့ ထပ်ခါတလဲလဲ ကတိပေးထားပြီးသားပါ။ တချိန်တည်းမှာပဲ ကျနော်တို့ရဲ့ ပိုင်နက် နယ်မြေကို လာရောက်ကျူးကျော် စော်ကားတာကိုလည်း ဘယ်တော့မှ လက်ခံမှာမဟုတ်ဘူး” လို့ ဆိုပါတယ်။
အဲဒီသတင်းစာရှင်းလင်းပွဲမှာပဲ တာလီဘန်အစိုးရရဲ့ လက်ထောက်ပြောရေးဆိုခွင့်ရှိသူကလည်း အိမ်နီးချင်းပါကစ္စတန်နိုင်ငံဟာ အာဖဂန်ရဲ့ ဝေဟင်ပိုင်နက်ကို အကြိမ်ကြိမ် ကျူးကျော်နေပြီး မြို့တော်အပါအဝင် ပြည်နယ်အတော်များများမှာ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက် နေတယ်လို့လည်း စွပ်စွဲပြောပါတယ်။
ကုလသမဂ္ဂ အာဖဂန်နစ္စတန် ကူညီထောက်ပံ့ရေးအဖွဲ့ (UNAMA) ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်မှ မတ် ၂ ရက် အထိ ၅ ရက်တာ တိုက်ပွဲတွေအတွင်းမှာ အာဖဂန် အရပ်သား ၄၂ ယောက် ထက်မနည်း သေဆုံးခဲ့ရပြီး ၁၀၄ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
အာဖဂန်နစ္စတန်ဘက်ကတော့ ကန်ဒါဟာဒေသမှာ ပါကစ္စတန်ရဲ့စစ်စခန်း တခုကို ထပ်မံ သိမ်းပိုက် နိုင်ခဲ့ကြောင်း ပြောကြားထားပြီး "ဖိနှိပ်မှုကို လက်စားချေခြင်း" လို့ အမည်ပေးထားတဲ့ စစ်ဆင်ရေး စတင်ချိန်ကတည်းကနေ ဒီနေ့အထိ ရန်သူစစ်စခန်း ၃၅ မှ ၄၀ ကျော် သိမ်းပိုက်ထားနိုင်ပြီး ရန်သူ စစ်သား ၁၅၀ ကျော် သေဆုံးခဲ့တယ်လို့လည်း ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အနယာတူလာ ခိုဝါရဇ်မီက ပြောပါတယ်။
မဟာမိတ်တွေကနေ ပြောင်းလဲလာတဲ့ ရန်သူတော်တွေကြားက တိုက်ပွဲတွေက ဆက်လက်ဖြစ်ပွား နေဆဲဖြစ်ပြီး အိမ်နီးချင်း ၂ နိုင်ငံကြားက စစ်ရေးပဋိပက္ခဟာ ၆ ရက်မြောက် ရှိလာပါပြီ။
အခုဖြစ်ပွားနေတဲ့ ပဋိပက္ခဟာ ၂ နိုင်ငံကြား အခုနှစ်တွေအတွင်း အပြင်းထန်ဆုံးဖြစ်ပြီး အာဖဂန် တာလီဘန်ကတော့ ပါကစ္စတန်က အာဖဂန်နယ်မြေထဲရှိ တပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့တာကို တုံ့ပြန်တဲ့ အနေနဲ့ ပြန်လည်တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။
ဒါပေမဲ့ ပါကစ္စတန်ကတော့ ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းဆို ထားပါတယ်။
Source: Reuters










