DVB Logo
Home
မြန်မာသတင်း
စစ်ပွဲအတွင်းပိတ်မိပြီး နေရပ်ပြန်မရမည်ကို အရှေ့အလယ်ပိုင်းဒေသရောက် မြန်မာများ စိုးရိမ်
DVB
·
March 2, 2026
စစ်ပွဲအတွင်းပိတ်မိပြီး နေရပ်ပြန်မရမည်ကို အရှေ့အလယ်ပိုင်းဒေသရောက် မြန်မာများ စိုးရိမ်
Donate to DVB

အီရန်နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် လေကြောင်းခရီးစဉ်တွေ ဖျက်သိမ်းထားတာကြောင့် စစ်ပွဲအတွင်း ပိတ်မိပြီး နေရပ်ပြန်လို့မရမှာကို အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ စိုးရိမ်နေကြပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်ကစလို့ အစ္စရေး-အမေရိကန်နဲ့ အီရန်တို့ရဲ့ စစ်ရေးပဋိပက္ခကြောင့် အမေရိကန် တပ်စခန်းတွေရှိတဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေမှာပါ စစ်ဒဏ်ကို ခံစားနေရပါတယ်။ 

ဒူဘိုင်းအပါအဝင် အရှေ့အလယ်ပိုင်းဒေသက အဓိကလေဆိပ်တွေကို ဖေဖော်ဝါရီ ၂၈ ရက်ကစပြီး ပိတ်လိုက်ပြီး အာရှ၊ ဥရောပနဲ့ အရှေ့အလယ်ပိုင်းက လေကြောင်းလိုင်းတွေလည်း ခရီးစဉ် အမြောက်အမြားကို ဖျက်သိမ်းတယ်လို့ ကြေညာခဲ့ပါတယ်။

ဒီအခြေအနေတွေကြောင့် အရှေ့အလယ်ပိုင်းကို ရောက်နေတဲ့ မြန်မာတွေကတော့ ကိုယ့်နိုင်ငံကို ပြန်မရဘဲ စစ်ပွဲကြားမှာ ပိတ်မိနေမှာကိုလည်း စိုးရိမ်နေကြပါတယ်။

ဒူဘိုင်းရောက် မြန်မာတယောက်က “ဒီမှာ ပိတ်မိမှာတော့ စိုးရိမ်နေတာတွေ ရှိတယ်၊ ပြန်ဖို့လည်း စီစဉ်ထားတာရှိတော့ မပြန်ဖြစ်ဘဲ ပိတ်မိနေမှာ စိုးရိမ်ကြတယ်။ စစ်ပွဲဖြစ်လာရင် ပိတ်မိနေမှာကို အကုန်လုံးကတော့ ကြောက်ကြတယ်၊ ကိုယ်ကတော့ ပတ်စ်ပို့တွေ၊ ID တွေ အရေးကြီးတဲ့ စာရွက်စာတမ်း၊ ပိုက်ဆံတွေကတော့ ကိုယ်နဲ့မကွာ အနားနားမှာ အမြဲတမ်းထားထားတယ်၊ တခုခုရှောင်ဖို့ လိုအပ်တယ်ဆိုရင်လည်း သူ့အစိုးရက ရှောင်ဖို့ အမြဲတမ်းအချိန်နဲ့ တပြေးညီ ပြောပြပေးနေတာ ဖုန်းတွေထဲမှာလည်း alarm က တချိန်လုံးပို့နေတာ”လို့ ပြောပါတယ်။

အမေရိကန်နဲ့ အစ္စရေးက အီရန်နိုင်ငံကို လေကြောင်းတိုက်ခိုက်မှုအပြီး အီရန်နိုင်ငံဘက်ကလည်း အရှေ့အလယ်ပိုင်းဒေသရှိ အစ္စရေး၊ ကာတာ၊ ဆော်ဒီ၊ ကူဝိတ် အစရှိတဲ့ နိုင်ငံတွေက အမေရိကန် စစ်အခြေစိုက်စခန်းတွေကို ဒုန်းကျဉ်တွေ ဒရုန်းတွေနဲ့ တုံ့ပြန်တိုက်ခိုက်ခဲ့ပါတယ်။

ယူအေအီး ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အီရန်ဘက်က ပစ်လွှတ်လိုက်တဲ့ ဒရုန်း ၂၀၀ ကျော်နဲ့ ဒုံးကျည် ၁၃၇ စင်းကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ပေမဲ့ တချို့သော အပျက်အစီးတွေဟာ လူနေရပ်ကွက်တွေနဲ့ အထင်ကရ နေရာအချို့အနီးကို ကျရောက်ခဲ့တယ်လို့ ဆိုပါတယ်။

အီရန်ရဲ့တိုက်ခိုက်မှုကြောင့် ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမှာရှိတဲ့ ဇိမ်ခံဟိုတယ်တလုံး ထိမှန်ခဲ့ပြီး အဘူဒါဘီမြို့ကိုလည်း ဒုံးကျည်အပျက်အစီးတွေ ကျတာကြောင့် အရပ်သားတယောက်က သေဆုံးခဲ့တယ်လို့ ယူအေအီး အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

အီရန်ဘက်က ပစ်ခတ်မှုတွေကြောင့် ဒူဘိုင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်၊ အဘူဒါဘီနဲ့ ကူဝိတ်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေလည်း ထိခိုက်ခဲ့ပါတယ်။

ယူအေအီး အစိုးရကတော့ မတ်လ ၂ ရက်ကနေ ၄ ရက်နေ့အထိ အွန်လိုင်းကနေပဲ သင်ကြားဖို့နဲ့ ရုံးလုပ်ငန်းတွေကိုလည်း မတ်လ ၃ ရက်နေ့အထိ အိမ်ကနေလုပ်ဘဲလုပ်ကြဖို့ ညွှန်ကြားထားပါတယ်။

တချို့ဟိုတယ်လုပ်ငန်းတွေကတော့ စစ်ပွဲဖြစ်နေပေမဲ့ လုပ်ငန်းခွင် ဝင်နေရတဲ့ အခြေအနေကို ဒူဘိုင်းမြို့က ဟိုတယ်တခုမှာ အလုပ်လုပ်ကိုင်နေသူ တယောက်ကပြောပြပါတယ်။

“အစက အရင်တခေါက်လိုပဲ ပြီးပြီးရော ပြီးသွားမယ်ထင်တာ အခုတော့ ဖုန်းထဲမှာ alarm ကြီးမြည်တာ တီးတီးနဲ့ထမြည်တော့ ဘာဖြစ်တာလဲဆိုပြီး၊ အင်တာနက်ပေါ်ကြည့်တော့ ဒုံးကျည်တွေက လာပြီးတော့ US က စခန်းတွေကို သူတို့ပစ်နေပြီး၊ ပစ်နေတော့ အလုပ်က သွားရမလိုလို မသွားရဘူးလိုလိုနဲ့ အလုပ်ကလည်း လာရမယ်ပေါ့ကွယ်။ သူတို့က အခြေအနေကြည့်ပြီးတော့ အလုပ်လုပ်ရမယ်ဆိုတော့ သွားရရော အလုပ်လုပ်နေတုန်း ခေါင်းပေါ်ကနေပြီး ဟိုဟာတွေ ဖြတ်သွားတာလည်း မြင်လိုက်ရတယ်။ နောက်ပိုင်းကျ သူတို့က အပြင်ကို ပိတ်ပြီးတော့ အထဲထဲမှာပဲ အလုပ်လုပ်ခိုင်းတော့တယ်။”

အရှေ့အလယ်ပိုင်းနိုင်ငံတွေကို ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေ သတိထား နေထိုင်ကြဖို့ စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးတွေကလည်း ထုတ်ပြန်ထားပါတယ်။

ဆော်ဒီအာရေဗျ၊ ဘာရိန်း၊ ကာတာနဲ့ အိုမန်နိုင်ငံတွေမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ လုံခြုံရေးလမ်းညွှန်ချက်တွေကို တိကျစွာ လိုက်နာဖို့၊ ဒေသအာဏပိုင်တွေနဲ့ သံရုံးတွေရဲ့ ထုတ်ပြန်ချက်တွေကို စောင့်ကြည့်လိုက်နာဖို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

နောက်ပြီး နိုင်ငံကူးလက်မှတ်၊ အရေးကြီးစာရွက်စာတမ်း၊ ရေနဲ့ အစားအစာဆေးဝါးတွေ၊ အဝတ်အစားတချို့နဲ့ ကိုယ်ပိုင်အသုံးအဆောင်ပစ္စည်းတွေကို စုစည်းပြင်ဆင်ထားဖို့၊ လုံခြုံစိတ်ချရတဲ့ အမိုးအကာ အောက်မှာနေပြီး မလိုအပ်ဘဲ ခရီးသွားလာတာတွေ မပြုလုပ်ဖို့လည်း လမ်းညွှန်ထားပါတယ်။

အရေးပေါ် အကူအညီတွေ လိုအပ်ပါက သက်ဆိုင်ရာ မြို့တွေက မြန်မာသံရုံးတွေကို ဆက်သွယ်အကူအညီတောင်းနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) အပါအဝင် အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ‌ ရွှေ့ပြောင်းနေထိုင် အလုပ်လုပ်ကြတဲ့ မြန်မာနိုင်ငံသား ၃ သိန်းဝန်းကျင်ရှိတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေရဲ့ စာရင်းတွေ အရသိရပါတယ်။

သီရိ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013