DVB Logo
Home
မြန်မာသတင်း
ကိုရီးယား Cheongju တက္ကသိုလ် ဗီဇာငြင်းပယ်ခံရသည့် ကျောင်းသား ၉၀ က တာဝန်ယူမှု တောင်းဆို
DVB
·
March 2, 2026
ကိုရီးယား Cheongju တက္ကသိုလ် ဗီဇာငြင်းပယ်ခံရသည့် ကျောင်းသား ၉၀ က တာဝန်ယူမှု တောင်းဆို
Donate to DVB

ကိုရီးယားနိုင်ငံ၊ Cheongju တက္ကသိုလ်မှာ မဟာဘွဲ့တက်ရောက်ဖို့ ပြင်ဆင်ခဲ့တဲ့ မြန်မာကျောင်းသား ၉၀ ကျော် ဗီဇာငြင်းပယ်ခံခဲ့ရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ အေဂျင်စီက တာဝန်ယူပေးဖို့နဲ့ ဗီဇာပြန်လည်စစ်ဆေးပေးဖို့ကို ကျောင်းသားတွေက လိုလားနေကြပါတယ်။

၂၀၂၆ ခုနှစ်၊ မတ်လ Intake အတွက် ကိုရီးယားနိုင်ငံ Cheongju ဘွဲ့လွန်တက္ကသိုလ်ကို လျှောက်ထားတဲ့ ကျောင်းသား ၁၀၅ ယောက်မှာ ၁၅ ယောက်သာ ဗီဇာရရှိပြီး ကျန်ကျောင်းသား အယောက် ၉၀ ဟာ ဗီဇာငြင်းပယ်ခံခဲ့ရပါတယ်။

ဒီကျောင်းသားတွေဟာ မြန်မာနိုင်ငံက Worldedupia Myanmar (WE Myanmar) နဲ့ တခြား ချိတ်ဆက်ထားတဲ့ အေဂျင်စီတွေကတဆင့် လျှောက်ထားခဲ့ကြသူတွေဖြစ်ပြီး လက်ရှိ 3 Intake မှာ ဗီဇာအောင်မြင်မှုနှုန်း ၁၄ ရာခိုင်နှုန်းသာ ရှိတဲ့အတွက် ကျောင်းသားအများအပြား နစ်နာမှုတွေနဲ့ ကြုံတွေ့နေရပါတယ်။

နစ်နာသူကျောင်းသားတယောက်က “အဲဒီလိုမျိုး ဖြစ်နေတဲ့ အခြေအနေမှာကျတော့ ကျနော်တို့က ဗီဇာ ပြန်လည်သုံးသပ်ဖို့ဆိုတဲ့ တောင်းဆိုချက်လေးတွေ ကျနော်တို့ ကျောင်းသားအယောက် ၉၀ လုံးကို စပြီးတော့ ကိုယ်စားပြုပြီးတော့ ကျနော်တို့ အေဂျင်စီ အသီးသီးမှာ လိုက်ဆွေးနွေးပြီးတော့ အကူအညီ တောင်းခံကြတယ်၊ တိုင်ပင်ကြတယ်၊ ဒါပေမဲ့ အဖြေထွက်မလာဘူး။ ဘာဖြစ်လို့ ဗီဇာတောင်းခံတဲ့ အခြေအနေကို ကျနော်တို့ ပြန်ပြောကြလဲဆိုတော့ လက်ရှိ Intake မှာပဲ တခြားကျောင်းတွေက ဗီဇာတွေကို ထိတဲ့သူတွေ ရှိတယ်၊ ဗီဇာ Denied ထိတဲ့သူတွေ ရှိတယ်။ Denied ထိတဲ့ နံပါတ်လည်း တူတယ်၊ နံပါတ် ၇ ထိတာ။ တခြား University ရဲ့ ကျောင်းသားတွေ ကလည်း သူတို့ကတော့ လူအများစု မဟုတ်ဘူး၊ ဒီ ၃၊ ၄၊ ၅ ယောက်ပေါ့၊ အဲဒီပတ်ချာလည်ကို Denied ထိတဲ့ အချိန်မှာ ဗီဇာပြန်လည်တင်တဲ့ အနေအထားနဲ့ E-Visa ပြန် Run တယ်ဆိုတဲ့ ဗီဇာကြေးတွေ ပြန်သွင်းပြီးတော့ ပြန် Run နေတဲ့ အနေအထားတွေ ရှိတယ်” လို့ ပြောပါတယ်။

အေဂျင်စီတွေဟာ စတင်လျှောက်ထားစဉ်က ဗီဇာအောင်မြင်မှုနှုန်း ၇၀ ရာခိုင်နှုန်းကျော် ရှိတယ်လို့ ကြော်ငြာခဲ့ကြပေမဲ့ တကယ်ထွက်လာတဲ့ ရလဒ်က ကွာဟချက် ကြီးမားနေခဲ့တာလည်း ဖြစ်ပါတယ်။

နစ်နာသူ ကျောင်းသူတယောက်က “အေဂျင်စီ တွေက ပြောရမယ်ဆိုရင် သူတို့ ကြော်ငြာတာနဲ့ ညီမတို့ အခု ဖြစ်သွားတဲ့ အခြေအနေနဲ့ ဘာမှမဆိုင်ဘူးပေါ့နော်။ ပြီးခဲ့တဲ့ 9 Intake မှာ Result သိလာတဲ့ အချိန်တုန်းကလည်း အေဂျင်စီ ကို ညီမတို့ ဆက်ပြီး ဆွေးနွေးတယ်၊ Cheongju ကို ဆက်လျှောက်လို့ ရပါ့မလား၊ အဆင်ပြေပါ့မလား ဆွေးနွေးခဲ့တယ်။ ဆွေးနွေးခဲ့တဲ့ အချိန်တုန်းက သူတို့ဘက်ကနေပြီးတော့ ဟို အေဂျင်စီ Fees ကိုပေါ့နော်၊ ဗီဇာရမှ ပေးရမယ်၊ တဝက်ကို ကျန်တာ ပေးရမယ်၊ ဗီဇာမရရင် ပေးစရာမလိုဘူးလို့ ညှိပေးတယ်။ အခု တကယ့်တကယ် ဗီဇာရတဲ့အခါမှာ ညီမတို့သည် ၁၀၅ ယောက်၊ ၁၀၆ ယောက် လျှောက်တဲ့အခါမှာ ၁၅ ယောက်ပဲ ရတယ်ဆိုတော့ ၁၀၀ ရာခိုင်နှုန်းမှာ ၁၄ ရာခိုင်နှုန်းပဲ ဗီဇာရတယ်။ အေဂျင်စီတွေကို တောင်းဆိုချင်တာက တခြား ဘန့်ဆော့တို့၊ မုတ်ဝမ်းတို့ အဲကျောင်းတွေ ရှိတယ်။ အဲကျောင်းတွေမှာလည်း ညီမတို့လိုပဲ Denied ထိတဲ့သူတွေ ရှိတယ်။ အဲဒီ ထိတဲ့သူတွေကို အေဂျင်စီနဲ့ ကျောင်းနဲ့ ပေါင်းပြီးတော့ တာဝန်ယူပြီးတော့ လဝကကို ပြန်ပြီးတော့ ဗီဇာစစ်ဆေးဖို့အတွက် စာရွက်တွေတင်ကြတယ်၊ တင်ပေးတယ်၊ ဗီဇာပြန်လျှောက်ပေးတယ်ပေါ့” လို့ ပြောပါတယ်။

ကိုရီးယားနိုင်ငံက Cheongju ဘွဲ့လွန်တက္ကသိုလ်နဲ့ MOU ထိုးထားတဲ့ အေဂျင်စီ အနေနဲ့ တက္ကသိုလ်က တာဝန်ရှိသူတွေနဲ့ ပေါင်းပြီး လဝကကို ဗီဇာပြန်လည်စစ်ဆေးပေးဖို့ ကျောင်းသားတွေက လိုလားနေကြတာလည်း ဖြစ်ပါတယ်။

ဗီဇာလျှောက်ထားဖို့ ပြင်ဆင်ကြတဲ့ ကျောင်းသားတွေဟာ ပညာရေးနောက်ခံ၊ မိသားအစုအခြေအနေ၊ TOPIK Level စတဲ့ အချက်အလက်တွေ မတူညီ ကွဲပြားမှုတွေ ရှိကြပေမဲ့ ဗီဇာ Denied ထိတဲ့ အကြောင်းပြချက်က အတူတူပဲ ဖြစ်နေတာကြောင့် ဗီဇာလျှောက်တဲ့ စာရွက်စာတမ်းတွေကို တိတိကျကျ စစ်ဆေးထားခြင်း မရှိဘူးလို့လည်း ကျောင်းသားတွေက ယူဆနေကြတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ကိုရီးယားလဝကဘက်က ဗီဇာလက်ခံပေးမဲ့ သတ်မှတ်ရာခိုင်နှုန်း ထုတ်ပြန်ချက်တွေကိုလည်း မသိရတဲ့ အခြေအနေကြောင့် MOU ထိုးထားတဲ့ အေဂျင်စီ အပြင် တခြားသော အေဂျင်စီ လက်ခွဲတွေက ကျောင်းသားတွေ နစ်နာခဲ့ရတယ်လို့လည်း ကျောင်းသားတွေက ဆိုပါတယ်။

အေဂျင်စီတွေအနေနဲ့ ဗီဇာပြန်လည်စစ်ဆေးပေးဖို့ တောင်းဆိုမှုအပေါ် ပူးပေါင်းဆောင်ရွက်ပေးတာမျိုး မရှိတာကြောင့် ကျောင်းသားတွေဟာ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် မြန်မာ (STUM) ကို ဆက်သွယ်ပြီး အကူအညီတောင်းခံခဲ့ပါတယ်။

STUM က ကူညီပေးပြီး သတင်းထုတ်ပြန်ချက်တွေ အွန်လိုင်းစာမျက်နှာကနေ တဆင့် ရေးသားထားတဲ့အပေါ် အေဂျင်စီတချို့က ခြိမ်းခြောက်ခဲ့တယ်လို့လည်း သိရပါတယ်။

သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် မြန်မာ (STUM) မှ အလုပ်သမားရေးလှုပ်ရှားသူတယောက်က “မက်ဆင်ဂျာ မှာရော လူကိုယ်တိုင်ရော ပေါ့နော်၊ လှမ်းတင်ထားတဲ့ သူတို့ရဲ့ ဒီ အေဂျင်စီမှာ သူတို့ပြောထားတါနဲ့ အဲဒီ ဟို ပြည့်မီအောင် လုပ်မပေးနိုင်ဘူးပေါ့၊ လျော့တယ်ပေါ့၊ ဥပမာ ၈၀ ရာခိုင်နှုန်းလို့ ပြောပြီးတော့ ၆၀၊ ၇၀ ရရှိတယ် ဆိုတာမျိုး ကျောင်းသားတွေက လက်ခံလို့ ရပေမဲ့ ၈၀၊ ၉၀၊ ၁၀၀ ပြောထားပြီးတော့ ဒီ ၁၀ ရာခိုင်နှုန်း ကျော်ကျော်လေးပဲဆိုတာက လိမ်ညာပြီးတော့ ကျောင်းသားတွေဆီက ပိုက်ဆံကို ယူတယ်လို့ ကျမတို့ တင်ထားတာပေါ်ကို သူတို့က လက်မခံနိုင်ဘူး။ သူတို့က အခု နောက်ထပ် ဒီ ပစ်မှတ်အနေနဲ့ တခြားကျောင်းသားတွေကို အခုခေါ်နေတဲ့အချိန်မှာ ကျမတို့ရဲ့ အဲဒီ ပို့စ်နဲ့ သူတို့ရဲ့ ဒီ ပထမပြောထားတဲ့ဟာကို ကျမက တွဲတင်ပေးထားတာက သူတို့အတွက် ထိခိုက်တယ်ပေါ့နော်။ အဲတော့ ကျမတို့ကို ဒီ ဥပဒေကြောင်းအရ အရေးယူမယ်ဆိုတာကို နှုတ်နဲ့လည်း ပြောတယ်၊ ပြီးလို့ရှိရင် မက်ဆင်ဂျာမှာလည်း တောက်လျှောက် စာပို့တယ်ပေါ့၊ အဲလိုစာမျိုးကိုပဲ ကျောင်းသားတွေဆီကိုလည်း စာပို့တာရှိတယ်” လို့ ပြောပါတယ်။

ဒီလိုမျိုး ကျောင်းသားတွေကို ဖိအားပေးတာ၊ STUM ကို တရားစွဲမယ်လို့ ခြိမ်းခြောက်တာတွေဟာ ပြဿနာကို ပိုမိုပြင်းထန်စေနိုင်တဲ့ လုပ်ရပ်တွေသာဖြစ်ပြီး STUM အနေနဲ့ ကျောင်းသားတွေနဲ့ မိသားစုတွေဘက်က ဆက်လက်ရပ်တည်သွားမှာဖြစ်သလို အေဂျင်စီတွေအနေနဲ့ ပြဿနာရဲ့ အရင်းအမြစ်ကို တာဝန်ယူဖြေရှင်းပေးကြဖို့ကိုလည်း STUM က တောင်းဆိုထားပါတယ်။

မြတ်သဇင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013