DVB Logo
Home
Lead Story
ပြည်သူစိတ်မ၀င်စားတဲ့ ရန်ကုန် စည်ပင်ရွေးကောက်ပွဲ
DVB
·
December 24, 2014
ပြည်သူစိတ်မ၀င်စားတဲ့ ရန်ကုန် စည်ပင်ရွေးကောက်ပွဲ
Donate to DVB

ရန်ုကန်ုမြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲတွေကို နှစ်ပေါင်း ၆၀ ကျော်ကာလအတွင်း လာမယ့် ဒီဇင်ဘာ ၂၇ ရက်မှာ မြို့တော်တခွင် တပြိုင်နက် ကျင်းပပြုလုပ်တော့မှာ ဖြစ်ပါတယ်။

မြို့နယ်အဆင့် ၉၉နေရာ၊ခရိုင်အဆင့် ၁၂နေရာနဲ့ ဗဟိုကော်မတီအဆင့်မှာ ၄ နေရာ၊ စုစုပေါင်း ၁၁၅ နေရာအတွက် ကိုယ်စားလှယ်ပေါင်း ၂၉၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပြီး ၀င်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေလည်း ဆိုင်ရာနယ်မြေအသီးသီးမှာ မဲဆွယ်စည်းရုံးနေကြပြီ ဖြစ်ပါတယ်။

စည်ပင်ရွေးကောက်ပွဲလုပ်ဖို့ ရက်ပိုင်းပဲလိုတော့တဲ့အချိန်မှာ ၀င်အရွေးခံမယ့် ကိုယ်စားလှယ်တွေနဲ့ မြို့ခံတွေရဲ့ အမြင်တချို့နဲ့ ကြုံတွေ့နေရတဲ့အခြေအနေတွေကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

ဦးမင်းဟန် (မြောက်ပိုင်းခရိုင် ကိုယ်စားလှယ်လောင်း)

“စည်းရုံးရေးဆင်းတဲ့နေရာမှာ အချိန်တိုတောင်းပြီး၊ ဗီနိုင်းကားချပ်တွေ ချိတ်ဆွဲပြီး မကြော်ငြာရတာ ၂ ခု အခက်ဖြစ်ပါတယ်။ ပြည်သူတွေစိတ်ဝင်စားမှုက အတော်နည်းတယ်။ ဥပမာ မဲပုံး ၇ ပုံးထောင်ပြီးတော့ မြို့တော်အဆင့် တပုံးထည့်ရမယ်၊ ခရိုင် ၇ ပုံးထည့်ရမယ်၊ မြို့နယ် ၃ ပုံးထည့်ရမယ် စသဖြင့် ကျနော်လက်လှမ်းမီသမျှ လိုက်ရှင်းပြတာ သဘောမပေါက်ကြဘူးဗျ။ ဒီအပေါ်မှာ စိတ်ဝင်စားမှု နည်းတယ်လို့ပဲ ပြောရမှာပေါ့နော်၊ တကယ်မဲပေးမယ့်နေ့ကျရင် သူက လာမပေးလည်း ဘာမှ မဖြစ်ဘူးဆိုတော့ ကျနော်စိတ်ထင် မဲပေးလို့ရတဲ့သူ ၁၀၀ မှာ ၂၅ ယောက်လောက်ပဲ မဲလာပေးကြမယ်ထင်တယ်။ ကျနော်မြို့နယ်တွေထဲ မဲသွားဆွယ်တော့ သူတို့က မေးတယ်၊ ဦးမင်းဟန် မြို့နယ်အတွက် ဘာလုပ်ပေးချင်လဲတဲ့၊ ကျနော်က ကားကျပ်တဲ့ကိစ္စ ဖြေရှင်းချင်တယ်၊ ဘယ်လိုလုပ်ချင်တာလဲ ထပ်မေးတော့ ကျနော်က မြို့လယ်ကောင်ကနေ ဟိုး ထောက်ကြံ့အထိ မိုးပျံနှစ်ထပ်လမ်းကြီးတွေ တောက်လျှောက် ဖောက်ပစ်ချင်တာ၊ ဒါပေမယ့် နိုင်ငံတော်ဘဏ္ဍာနဲ့က ဒါတော့ မဖြစ်နိုင်သေးဘူးပေါ့နော်။”

ဒေါ်နော်လှလှစိုး (မြို့တ်ာစည်ပင်သာယာအဆင့်၊ ရန်ကုန်မြောက်ပိုင်းခရိုင် ကိုယ်စားပြုကိုယ်စားလှယ်လောင်း)

“ပြည်သူတွေစိတ်ဝင်စားမှု အားနည်းတယ်၊ စည်ပင်ဆိုတဲ့ဌာနကလည်း ပြည်သူနဲ့ ဝေးကွာနေတာ ကြာပြီလေ၊ စည်ပင်ဆိုတာ အခွန်ကောက်တဲ့ဌာနလို့ပဲ သိထားကြတာဆိုတော့၊ အဲ့ဒီတော့ စည်းရုံးရတာတော့ တော်တော်ခက်ပါတယ်။ ဒါပေမယ့် အခု ကျမတို့ စည်းရုံးလိုက်တော့လည်း မဲထည့်မယ် ဘာညာတော့ ဖြစ်လာပါတယ်။ မဲထည့်မယ့်သူတောင် ရှိပါ့မလားဆိုတာ စိုးရိမ်စရာတော့ ရှိတာပေါ့လေ။ ဒါပေမယ့် အခု ကျမတို့ အခုကားတွေနဲ့ ပိုစတာတွေနဲ့ မဲဆွယ်လိုက်တော့ အရင်ထက်တော့ စိတ်ဝင်စားလာကြတယ်။ ကျမတော့ ၅၀ ရာခိုင်နှုန်းလောက်တော့ မဲလာပေးမလားလို့ မျှော်လင့်မိပါတယ်။ မြို့တော်စည်ပင်ကော်မတီထဲ ပါသွားတော့ ဘယ်လောက်လုပ်ပိုင်ခွင့် ရှိမလဲ ဆိုတာထက် ပြည်သူလူထုရဲ့ အသံကို ကျမက မြို့တော်ဝန်ထံ တိုက်ရိုက်ပြောခွင့်ရှိမယ်ပေါ့။ ဘတ်ဂျက်တွေ ဘာတွေဆိုလည်း သူတို့ လုပ်ချင်ရာလုပ်လို့ မရတော့ဘူးလေ။ ကျမတို့က သိနေပြီဆိုတော့ ကျမ ပြည်သူတွေကို ကတိပေးထားတာက လာဘ်ပေးလာဘ်ယူမှုတွေ ပပျောက်အောင် လုပ်မယ်၊ ပြည်သူလူထု အခြေပြု စည်ပင်လုပ်ငန်းတွေဖြစ်အောင် လုပ်မယ်ပေါ့။”

ဒေါက်တာအေးမင်း (မြို့တော်စည်ပင်သာယာအဆင့်၊ ရန်ကုန်တောင်ပိုင်းခရိုင် ကိုယ်စားပြု ကိုယ်စားလှယ်လောင်း)

“အခု ရက်နီးကပ်လာတဲ့အချိန်မှာ အရင် ဒီဇင်ဘာ ပထမပတ်ထက်စာရင်တော့ တချို့တလေက စိတ်ဝင်စားပါတယ်။ ရာခိုင်နှုန်းနဲ့ကြည့်ရင်တော့ အားနည်းပါတယ်။ ကိုယ့်စီးပွားကိုယ်လုပ်နေတာနဲ့ ဘယ်သူတွေမှန်း မသိတာနဲ့။ တချို့ကျတာ့လည်း အပြိုင်တွေ ၀င်လာတဲ့အခါကျတော့ ဘယ်သူလဲ ဘယ်သူ့ ရွေးရမလဲပေါ့နော်။ နည်းနည်း စိတ်ဝင်စားလာကြတာ တွေ့ရပါတယ်။ အလုပ်သိပ်များတဲ့သူတွေနဲ့ ကိုယ့်စီးပွားကိုယ်ရှာစားနေကြရတဲ့သူတွေကျ စိတ်မ၀င်စားကြဘူး။ အရှုံးအနိုင် အကျိုးအမြတ်ကို တွက်ထာထက်စာရင် ၀င်လုပ်လိုက်ရင် ပြည်သူအတွက် တစွန်းတစလုပ်နိုင်ဖို့ အဓိကထားမှာပါ။ အချိန်ကာလအနေနဲ့ ၁ နှစ်ကျော်လောက်ပဲ လုပ်နိုင်မယ်ဆိုပေမယ့် ကျနော်တို့ တခွန်းပြောလို့ တခွန်းပေါက်ရောက်မယ်ဆိုရင် အကျိုးရှိမယ်လို့ မြင်ပါတယ်။”

ဦးဝင်းချို (မြို့တော်စည်ပင်သာယာအဆင့်၊ ရန်ကုန်အနောက်ပိုင်းခရိုင် ကိုယ်စားပြု ကိုယ်စားလှယ်လောင်း)

“ပထမဆုံးအခက်အခဲကတော့ အများစုပြည်သူလူထုဟာ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲ ရှိတယ်ဆိုတာတောင် မသိတာပဲ၊ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဗီနိုင်းကြီးတွေ ထောင်ထားတာကလွဲပြီးတော့ မြို့နယ်တိုင်း ရပ်ကွက်တိုင်းမှာ ရွေးကောက်ပွဲ ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်ထားခြင်း မရှိတာကြောင့် မသိကြတာ၊ ကော်မရှင်လုပ်ရမယ့် အလုပ်တွေကို ကိုယ်စားလှယ်တွေက လုပ်နေကြရတာ၊ ရန်ကုန်လူဦးရေ သန်း ၅၀ ကျော်မှာ စည်ပင်ကိုယ်စားလှယ် မဲပေးပိုင်ခွင့်ရှိသူ ဦးရေ ၄ သိန်းကျော် ဆိုပေမယ့် ဘယ်လောက် လာမဲပေးမလဲဆိုတာ ကျနော် မခန့်မှန်းတတ်ပါဘူး။ ဘာကြောင့်ဆိုတော့ တကယ်တမ်း မိသားစုဆယ်စုရှိတဲ့ တိုက်ခန်းတခုမှာ မဲပေးခွင့်ရှိတဲ့ မိသားစုက ၄ စုပဲ ရှိတယ်လို့ ကျနော်သိထားတယ်။ အဲ့ဒီတော့ မိသားစု ၁၀ စုရှိတဲ့ တိုက်ခန်းတခုမှာ မဲပေးခွင့်ရှိမယ့် မိသားစု ၄ ခုက ဘယ်သူတွေ မဲပေးလို့မရတဲ့ မိသားစုက ဘယ်သူတွေဆိုတာ အဲ့ဒီ ကာယကံရှင် မိသားစုတွေကိုယ်တိုင် ခုချိန်အထိ တိတိကျကျ မသိကြသေးတာတွေ ရှိတယ်။ တကယ် မဲပေးတဲ့ သူတွေကိုယ်တိုင်က အခုအချိန်ထိ ဘယ်သူမဲပေးခွင့်ရှိတယ်ဆိုတာ မသိနိုင်သေးတဲ့ အအခြေအနေ ဖြစ်နေတဲ့အတွက် ခန့်မှန်းပြောပေးပါဆိုရင် ၆၀ ရာခိုင်နှုန်းလောက် မဲလာပေးကြလိမ့်မယ်လို့ ခန့်မှန်းပြောချင်ပါတယ်။ ကျနော်နဲ့အတူ မြို့တော်စည်ပင်သာယာဗဟိုကော်မတီအဆင့် ပြိုင်တာ ၉ ယောက်ရှိပါတယ်။ ကျနော် သိသလောက်ပြောရရင် ဗိုလ်မှုးချုပ် ဟောင်း စိုးဌေး၊ နောက် ပန်းဖလက်မှာ ယခင် တပ်ရင်းမှူးဟောင်းလို့ ပြောတဲ့ ဦးမျိုးတင့်၊ ဇောတိကသင်္ကန်းတိုက်ပိုင်ရှင် ဦးခင်လှိုင်၊ သမ္မတ ပေးထာတဲ့ ဘွဲ့ရထားတဲ့ ရဲကျော်စွာဦးအောင်လှ၊ ဒေါ်မေအုန်းညွန့်ဝေ၊ နောက်ပြီးတော့ ဟိုတယ်လုပ်ငန်းရှင် သာသနာနုဂဟ အသင်းက ဦးသိန်းဝင်း အဲ့ဒီသူတွေလောက်တော့ သိပါတယ်ဗျ။”

ဦးအောင်မျိုးထွန်း (စမ်းချောင်းမြို့နယ်တွင် နေထိုင်သူတဦး)

“စည်ပင်ရွေးကောက်ပွဲကို စိတ်ဝင်စားမှုနည်းကြတယ်ဆိုတာက အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့်မရှိဘဲ အိမ်ထောင်ဦးစီးတယောက်ပဲ မဲပေးခွင့်ရှိတယ်ဆိုတာက တချက်၊ နောက်တချက်က ၀င်ပြိုင်ကြတဲ့ ကိုယ်စားလှယ်လောင်းတွေကလည်း အာဏာရပြည်ခိုင်ဖြိုးပါတီနဲ့ ဆက်စပ်ပတ်သက်နေသူတွေချည်းလိုလိုပဲ။ နောက်တချက်က အခု ပြိုင်မယ့်လူတွေ မဲပေးလိုက်လဲ သူတို့လုပ်ပိုင်ခွင့်ရှိမှာ မဟုတ်ဘဲ သမ္မတရွေးထားတဲ့ မြို့တော်ဝန်နဲ့အဖွဲ့ကပဲ လုပ်ပိုင်ခွင့်ရှိပြီး လုပ်သွားကြမှာပဲ ဆိုတဲ့အမြင်နဲ့ ပြည်သူက စိတ်မ၀င်စားကြတာဗျ။ တချို့လည်း ပြောကြတာက ပြီးခဲ့တဲ့ ၂၀၁၀၊ ၂၀၁၂ နိုင်ငံရေးရွေးကောက်ပွဲပေါ့ဗျာ၊ ပြည်သူက ရွေးပေးလိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေက ပြည်သူကိုပြန်လှည့်မကြည့်တော့ပဲ။ဘာမှလဲ ဖြစ်မလာတော့ လက်ငင်းကို ကြုံနေရတာ မကြာသေးတော့ ရွေးလိုက်လဲ ဘာမှ ထူးလာမှာမဟုတ်ပါဘူးဆိုတဲ့ အမြင်တွေရှိနေကြတာလည်း တချက်ပါမယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013