
အိမ်နီးချင်း တန်ဇန်းနီးယားနိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ ဘူရွန်ဒီဒုက္ခသည် ၄,၂၀၀ လောက်ဟာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR)ရဲ့ အစီအစဉ်နဲ့အတူ ဖေဖော်ဝါရီ ၂၆ ရက်က သူတို့ရဲ့ နေရင်းရပ် မိခင်နိုင်ငံကို ပြန်ရောက်ရှိလာကြပြီး ဒါဟာ ဆန္ဒ အလျောက် နေရပ်ပြန်ပို့ရေး အစီအစဉ်ရဲ့ နောက်ဆုံးအသုတ်လည်း ဖြစ်ပါတယ်။
ဘူရွန်ဒီနိုင်ငံတွင်းက နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ စီးပွားရေးကျပ်တည်းမှုတွေကြောင့် တန်ဇန်းနီးယား နိုင်ငံမှာ နှစ်ပေါင်းများစွာ ခိုလှုံနေခဲ့ကြတဲ့ ဒုက္ခသည်တွေဟာ ခရီးစဉ်တလျှောက်လုံး ပံ့ပိုးမှု ရရှိစေရအောင် လုံခြုံစွာ ပြန်ရောက်စေနိုင်တဲ့ UNHCR ရဲ့ စနစ်တကျ ကူညီစောင့်ရှောက်မှုနဲ့ သူတို့ရဲ့ နေရပ်ကို ပြန်လာဖို့ ဆန္ဒအလျောက် ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ဘူရွန်ဒီနိုင်ငံကို ပြန်ရောက်ရှိလာချိန်မှာ သူတို့ကို UNHCR နဲ့ အစိုးရတာဝန်ရှိသူတွေက ကြိုဆိုခဲ့ကြပြီး စာရင်းမှတ်တမ်းတင်တာ၊ အစားအသောက်၊ သန့်ရှင်းတဲ့သောက်သုံးရေ၊ ယာယီ ခိုလှုံရာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေအပြင် စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှုတွေကို ပံ့ပိုးပေးခဲ့ ကြပါတယ်။
နေရပ်ပြန် မိသားစု တခုချင်းစီအတွက် ပြန်လည်အခြေချနိုင်ဖို့ ကူညီထောက်ပံ့ရေးပစ္စည်းတွေအပြင် ငွေသားအကူအညီနဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ပေးအပ်တဲ့ ၃ လစာ ရိက္ခာတွေကို လည်း ထောက်ပံ့ပေးခဲ့ပါတယ်။
နေရပ်ပြန်အခြေချရေးဆိုင်ရာ ညွှန်ကြားရေးမှူး အိုဒတ်တီကမာရီဇာက “နေရပ်ပြန်လာသူတွေ အတွက် တယောက်ကို ဒေါ်လာ ၂၀၀ နဲ့ညီမျှတဲ့ ငွေသားထောက်ပံ့မှု ပေးအပ်တာဖြစ်ပြီး မိသားစု တခုမှာ လူ ၇ ယောက်ရှိရင် လူကြီးရော ကလေးပါမကျန် တဦးချင်းစီအတွက် တွက်ချက်ပြီး ထောက်ပံ့ပေးတာဖြစ်ပါတယ်”လို့ ထောက်ပံ့ကြေးနဲ့ ပတ်သက်ပြီး ရှင်းပြပါတယ်။
ဒါ့အပြင် သူတို့ရဲ့ နေရပ်ဒေသအသီးသီးကို ရောက်ဖို့ သယ်ယူပို့ဆောင်ရေးကိုလည်း စီစဉ်ပေးခဲ့ ပါတယ်။
အခုနေရပ်ပြန်ရေးလှိုင်းဟာ ဘူရွန်ဒီနိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာ အရေးကြီးတဲ့ အဆင့် တခုဖြစ်ပြီး လာမဲ့ကာလတွေမှာ အောင်အောင်မြင်မြင် ပြန်လည်ပေါင်းစည်းနိုင်ဖို့ နိုင်ငံတကာ ထောက်ပံ့မှုတွေ ဆက်လက်လိုအပ်နေပါတယ်။
Source:Reuters











