DVB Logo
Home
မြန်မာသတင်း
မြန်မာတွင် သစ်သားမီးဖိုဖြန့်ဝေခဲ့သည့် ကိုရီးယားကုမ္ပဏီကို ကုလက ပထမဆုံးအကြိမ် ကာဗွန်ခရက်ဒစ်ပေး 
DVB
·
February 27, 2026
မြန်မာတွင် သစ်သားမီးဖိုဖြန့်ဝေခဲ့သည့် ကိုရီးယားကုမ္ပဏီကို ကုလက ပထမဆုံးအကြိမ် ကာဗွန်ခရက်ဒစ်ပေး 
Donate to DVB

မြန်မာနိုင်ငံဆီ စွမ်းအင်ချွေတာနိုင်တဲ့ ထင်းသုံးမီးဖိုတွေ ဖြန့်ဝေပေးနေတဲ့ တောင်ကိုရီးယားကုမ္ပဏီ တခုကို ပထမဆုံးသော ကာဗွန်ခရက်ဒစ်တွေ ထုတ်ပေးဖို့ အတည်ပြုလိုက်ကြောင်း ကုလသမဂ္ဂက ဖေဖော်ဝါရီ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။

ပါရီရာသီဥတုသဘောတူညီချက်အရ တည်ထောင်ထားတဲ့ ကုလသမဂ္ဂဦးဆောင်တဲ့ ဈေးကွက်စနစ် က ကုမ္ပဏီတွေ၊ နိုင်ငံတွေအနေနဲ့ တခြားနိုင်ငံတွေက ဖန်လုံအိမ် ဓာတ်ငွေ့လျှော့ချတဲ့ စီမံကိန်းတွေကို ငွေကြေးထောက်ပံ့ပေးခြင်းအားဖြင့် သူတို့ရဲ့ ပိုလျှံနေတဲ့ ဓာတ်ငွေ့ထုတ်လွှတ်မှုတွေကို ပြန်လည်ခုနှိမ် ခွင့်ပြုထားတာ ဖြစ်ပါတယ်။

အခုအသစ်ဖွဲ့စည်းလိုက်တဲ့ ကာဗွန်ဈေးကွက်အောက်မှာ ထုတ်ပေးတဲ့ ပထမဆုံး ခရက်ဒစ်တွေဟာ မြန်မာနိုင်ငံမှာ စွမ်းအားမြှင့် ထင်းသုံးမီးဖိုတွေ ဖြန့်ဝေတဲ့ စီမံကိန်းနဲ့ သက်ဆိုင်နေပြီး အဆိုပါ မီးဖို တွေက အိမ်တွင်းလေထုညစ်ညမ်းမှုကို လျှော့ချပေးတဲ့အပြင် ဒေသတွင်းက သစ်တောတွေအပေါ် ဖိအားသက်ရောက်မှုကိုလည်း သက်သာစေကြောင်း ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာ အေဂျင်စီက ပြောပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အဆိုအရ ကမ္ဘာတဝန်း လူဦးရေ ၂ ဘီလီယံကျော်ဟာ ရေနံဆီ၊ ကျောက်မီးသွေး၊ ဒါမှမဟုတ် ထင်း၊ စိုက်ပျိုးရေးဘေးထွက် ပစ္စည်းနဲ့ တိရစ္ဆာန်ချေးတွေလို ဇီဝဒြပ်ပစ္စည်းတွေကို အသုံးပြုကာ မီးဖိုတွေ၊ ဒါမှမဟုတ် အမိုးအကာမဲ့ မီးဖိုတွေနဲ့ ချက်ပြုတ် နေကြ ရကြောင်းနဲ့ ဒါတွေကြောင့် ဖြစ်ပေါ်လာတဲ့ လေထုညစ်ညမ်းမှုက နှစ်စဉ် လူသန်းပေါင်းများစွာကို သေဆုံးစေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံစီမံကိန်းက မီးဖိုတွေကတော့ သစ်သားဇီဝဒြပ်ပစ္စည်းတွေကို ပိုမိုထိရောက်စွာ လောင်ကျွမ်းစေတာကြောင့် လောင်စာအသုံးပြုမှု နည်းပါးပြီး အိမ်တွင်း မီးခိုးထွက်ရှိမှုကိုလည်း များစွာ လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂရာသီဥတုဆိုင်ရာ အကြီးအကဲ ဆိုင်မွန် စတီးလ်က "သန့်ရှင်းသော ချက်ပြုတ်မှုစနစ်က ကျန်းမာရေးကို ကာကွယ်ပေးတယ်။ သစ်တောတွေကို ထိန်းသိမ်းပေးတယ်။ ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချပေးတဲ့အပြင် အိမ်တွင်းလေထု ညစ်ညမ်းမှုဒဏ်ကို အဆိုးရွားဆုံး ခံစား နေရတဲ့ အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေကိုလည်း စွမ်းဆောင်ရည် မြှင့်တင်ပေးနိုင်တယ်" လို့ ပြောပါတယ်။

လတ်တလောမှာတော့ တောင်ကိုရီးယားကုမ္ပဏီနဲ့ ပူးပေါင်းအကောင်အထည်ဖော်တဲ့ ဒီစီမံကိန်း ကနေ ထွက်ရှိလာတဲ့ ကာဗွန်ခရက်ဒစ်တွေကို တောင်ကိုရီးယားနဲ့ မြန်မာနိုင်ငံတို့ရဲ့ ရာသီဥတုဆိုင်ရာ ရည်မှန်းချက်တွေထဲ ထည့်သွင်းတွက်ချက်သွားမယ်လို့ သိရပါတယ်။

ပါရီသဘောတူညီချက်ရဲ့ ကာဗွန်ခရက်ဒစ်ပေးခြင်း ယန္တရားအောက်မှာတော့ ပိုမိုတင်းကျပ်တဲ့ တွက်ချက်မှုစံနှုန်းတွေကို အသုံးပြုထားတာကြောင့် အရင်အစီအစဉ်ဟောင်းတွေထက် ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချနိုင်မှု တွက်ချက်မှုမှာ ၄၀ ရာခိုင်နှုန်းနီးပါး ပိုမိုနည်းပါးတယ်လို့ ဆိုပါတယ်။

ကာဗွန်ဈေးကွက်ယန္တရားအတွက် စည်းမျဉ်းသစ်တွေကိုတော့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က အဇာဘိုင်ဂျန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ COP29 ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေးမှာ သဘောတူညီခဲ့ကြတာတာပါ။

ကာဗွန်ခရက်ဒစ် ဆိုတာကတော့ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေတဲ့ "ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်ခွင့် လက်မှတ်" ဒါမှမဟုတ် "ခွင့်ပြုမိန့်" တခုဖြစ်ကာ သိပ္ပံနည်းကျ တိုင်းတာမှုအရ ကာဗွန်ခရက်ဒစ်တခုဟာ လေထုထဲကို ပျံ့နှံ့သွားမဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် တတန်ကို လျှော့ချနိုင်ခြင်း ဒါမှမဟုတ် ဖယ်ရှားနိုင်ခြင်းနဲ့ ညီမျှပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013