DVB Logo
Home
မြန်မာသတင်း
မော်ချီးတဝိုက် တိုက်ပွဲပြင်းထန်လာနိုင်
DVB
·
February 27, 2026
မော်ချီးတဝိုက် တိုက်ပွဲပြင်းထန်လာနိုင်
Donate to DVB

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့ကနေ ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ ခဲမဖြူနဲ့ အဖြိုက်နက် ထွက်တဲ့ မော်ချီဘက်ကို တက်လာမဲ့ အနေအထား ရှိနေတာကြောင့် တိုက်ပွဲတွေ အပြင်းအထန် ဖြစ်လာနိုင်တယ်လို့ ကရင်နီတော်လှန်ရေးတပ်တွေက ဆိုထားပါတယ်။

ဖားဆောင်းမြို့ထဲကနေ ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ ဖားဆောင်း သံလွင်မြစ်ကူးတံတား နားက ခဲမဖြူရွာအထိ ရောက်နေပြီး မော်ချီးကို ဆက်သိမ်းဖို့ အင်အားပြင်ဆင်နေတယ်လို့ DVB ရဲ့ စစ်ရေးရင်းမြစ်က ဆိုပါတယ်။

မော်ချီးသတ္တုတွင်းကထွက်တဲ့ ခဲမဖြူနဲ့ အဖြိုက်နက်ဟာ စည်သွတ်ဘူးကနေစပြီး စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေဖြစ်တဲ့ သေနတ်၊ အမြောက်ဆန်၊ ဒုံးကျည်တွေ ထုတ်လုပ်တဲ့နေရာမှာ အသုံးပြုနိုင်တဲ့ အတွက် ကရင်နီတော်လှန်ရေးအင်အားစုဘက်က မော်ချီးကို လက်လွှတ်မှာ မဟုတ်ဘဲ စစ်ကြောင်း ဆက်တက်လာရင် တိုက်ပွဲတွေ အပြင်းအထန် ဖြစ်လာလိမ့်မယ်လို့ စစ်ရေးရင်းမြစ်က ပြောပါတယ်။

“ကျနော်မြင်တာတော့ အချိန်တော့ တော်တော်ယူရမယ်ထင်တယ်။ တော်လှန်ရေးဘက်ကလည်း ပေးမဲ့အနေအထား မရှိဘူး။ စစ်ကောင်စီကလည်း ရအောင်တိုးမဲ့ အနေအထားမျိုး ဆိုရင်တော့ သေချာတယ်၊ တိုက်ပွဲက တော်တော်ပြင်းထန်မဲ့ အနေအထားမျိုး မြင်တယ်။”

မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) က စစ်ဘက်သုတေသန တာဝန်ခံ ကိုနောင်ရိုးက လက်ရှိ ကရင်နီတောင်ပိုင်း ဖားဆောင်းတလျှောက် ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းမှာ အင်အားစုဖွဲ့မှုတွေ လက်နက်နဲ့ စစ်ဘက်နည်းပညာ ပေါင်းစပ်မှုတွေဟာ သေချာပြင်ဆင်ပြီးမှ စစ်ကြောင်ထိုးလာတဲ့ အနေအထားမျိုးမှာ တွေ့ရတယ်လို့ ပြောပါတယ်။

လေကြောင်းနဲ့ ဒရုန်း ပေါင်းစပ်ပြီး တိုက်ခိုက်တဲ့ အနေအထားတွေမှာ စစ်တပ်က အတော်လေး အားကောင်းလာနေပေမဲ့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုဘက်မှာတော့ ခုခံဖို့ အခက်အခဲတွေ ရှိနေသေးတယ်လို့ ဆိုပါတယ်။

MDSI စစ်ဘက်သုတေသန တာဝန်ခံ ကိုနောင်ရိုးက “စစ်ကောင်စီစစ်ကြောင်းတွေ ဒီလောက် အချိန်တိုအတွင်း စစ်ကြောင်းထိုးလာတာကို ကောင်းစွာ မဟန့်တားနိုင်တာကို ကြည့်ရင် တော်လှန်ရေး အင်အားစုဘက်တွေမှာ လက်နက်ခဲယမ်း ချို့တဲ့တဲ့ အခက်အခဲကို  မြင်သာတယ်။ နောက်တခုက ဆေးဝါး ရိက္ခာ၊ နောက်ပြီး  အခုလိုကိုယ့်ဘက်က အားနည်းနေချိန် တဖက်က ပြောင်းလဲလာတဲ့ အနေအထား။ စစ်ရေးရှုထောင့်က ကြည့်မယ်ဆိုရင် စစ်ကောင်စီရဲ့ ထိုးစစ်ကို ကရင်နီတော်လှန်ရေး အင်အားစုတွေ ကောင်းစွာ ခုခံနိုင်ဖို့ အခက်အခဲ ရှိလိမ့်မယ်။ ခြုံပြောရရင် တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြာကြာတောင့် ခံနိုင်ဖို့ မလွယ်တဲ့ အနေအထားလို့ ပြောလို့ ရနိုင်တယ်” လို့ ပြောပါတယ်။

လက်ရှိ စစ်ရေးအခြေအနေတွေကြောင့် တော်လှန်ရေးတပ်ပေါင်းစု သိမ်းထားတဲ့ မယ်စဲ့မြို့နဲ့ ဖားဆောင်းမြို့ကို ဆက်သွယ်ထားတဲ့ ဖားဆောင်း သံလွင်မြစ်ကူးတံတား နှစ်ခါ မိုင်းခွဲခံထားရပြီး ဖားဆောင်းမြို့နယ်ထဲက ထူးချောင်းနဲ့ ပွန်းချောင်းတံတားလည်း မိုင်းခွဲဖျက်ဆီးခံထားရပါတယ်။

စစ်ရေးအရ ပထမအကြိမ် ဖားဆောင်းတံတားကို ကရင်နီပြည်တပ်မတော် (KA) က ဖောက်ခွဲခဲ့တာ လို့  KA စစ်ရေးချုပ်ဖြစ်သူ ဗိုလ်မှူးကြီး ဘုန်းနိုင်က မီဒီယာတခုကို ဖြေကြားထားပြီး DVB ရဲ့ ဆက်သွယ်မေးမြန်းမှုကိုတော့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

တံတားတွေ ကျိုးနေတဲ့အတွက် မော်ချီးမှာ ကုန်ဈေးနှုန်းနဲ့ ခဲဈေးတွေ ကမောက်ကမ ဖြစ်နေတယ်လို့ မော်ချီးဒေသခံ တယောက်က ဆိုပါတယ်။

လက်ရှိ ဒေသအတွင်း စစ်ရေးအခြေအနေတွေကြောင့် ကရင်နီပြည်သူလူထုနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေက ကရင်နီပြည်နယ်မှာ တခုတည်းသောတပ်မတော် UKSA ကို ဖွဲ့စည်းပေးဖို့ ဆက်တိုက် တောင်းဆိုနေပါတယ်။

မောရစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013