
ထိုင်းနိုင်ငံမြောက်ပိုင်းက အလယ်တန်းကျောင်းသား ၂၀၀ ကျော်ရဲ့ အချက်အလက်တွေကို ကျားဖြန့် ငွေလိမ်ဂိုဏ်းက ခိုးယူအသုံးချပြီး မြန်မာဘက်ခြမ်း တာချီလိတ်ရှိ ကျားဖြန်ဂိုဏ်းတွေထံ ရောင်းစား ခံထားရတယ်လို့ ထိုင်းနိုင်ငံအွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့ ( ACSC ) က ထုတ်ပြန်ပါ တယ်။
ဖေဖော်ဝါရီ ၂၄ ရက် သတင်းစာရှင်းပွဲမှာ ACSC ရဲတပ်ဖွဲ့ ဒုရဲချုပ် ထနားဆုဝုန်းက “ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ထိုင်းမြောက်ပိုင်းမှာ လျှပ်စစ်ဝန်ထမ်းအယောင်ဆောင်ပြီး ပြည်သူတွေထံ ငွေကြေးကောက်ခံလိမ်လည်မှုတွေရှိခဲ့တယ်။ ငွေလက်ခံတဲ့ ဘဏ်အကောင့်ပိုင်ရှင်ဟာ ၁၅ နှစ် အောက် ကျောင်းသားလေးတွေ ဖြစ်နေတယ်။ အလားတူ နောက်ထပ်ငွေလိမ်မှု ၇ ခုမှာ လည်း အရွယ်မရောက်သေးတဲ့ကလေးတွေရဲ့ ဖုံးနံပါတ်တွေဖြစ်နေတာကြောင့် သက်ဆိုင်ရာက စုံစမ်းစစ် ဆေးရာမှာ ကလေးတွေဟာ ကာယကံရှင်မသိဘဲ အချက်အလက်တွေ အလွဲသုံးစားလုပ်ခံရတာ”လို့ ပြောပါတယ်။
အဆိုပါကလေးတွေဟာ ချင်းမိုင်ခရိုင်၊ မဲ့အိုင်းမြို့နယ် စာသင်ကျောင်းတကျောင်းကဖြစ်ပြီး ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာလက သူတို့ကိုယ်သူတို့ တယ်လီဖုန်း ကုမ္ပဏီကိုယ်စားလှယ်လို့ပြောတဲ့ အဖွဲ့တဖွဲ့ဟာ အဲဒီကျောင်းကို ရောက်ရှိလာကာ ကျားဖြန့် အန္တရာယ်ကာကွယ်ရေး အသိပညာပေးအစီအစဉ် တခု လုပ်ခဲ့ပါတယ်။
သင်တန်းမှာ ကလေးတွေကို အင်တာနက် အခမဲ့သုံးလို့ရတဲ့ ဆင်းမ်ကတ်တွေ ဝေငှပေးခဲ့သလို ဆင်းမ်ကတ်ရဖို့ မျက်လုံးစကဲင်ဖတ်ပြီး မှတ်ပုံတင်နံပါတ်တွေ ပေးခဲ့ရပါတယ်။
အဲဒီနောက် အဲဒီအဖွဲ့ဟာ လိမ်ညာဂိုဏ်း တခုဖြစ်နေပြီး ကလေးတွေရဲ့ အချက်အလက်တွေကို ကျားဖြန့် ဂိုဏ်းထံ တဆင့်ပြန်ရောင်းစားခဲ့တယ်လို့ သတိရပါတယ်။
ဒီအမှုမှာ မြန်မာနိုင်ငံ တာချီလိတ်က ကျားဖြန်ဂိုဏ်းတွေပါဝင်ပတ်သက်နေပြီး ဘဏ်ငွေစုစာရင်းတွေ ဖွင့်ပြီး လိမ်လို့ရတဲ့ပိုက်ဆံတွေကို လက်ခံတာဖြစ်ကြောင်းနဲ့ ဒီလို သင်တန်းပေးကာ အချက်အလက် အခိုးခံရတဲ့ စာသင်ကျောင်း ၂ ကျောင်းရှိပြီး အသုံးချခံရတဲ့ကလေးပေါင်း ၂၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။
ACSC နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေဟာ ဖေဖော်ဝါရီ ၂၄ ရက်မှာပဲ ထိုင်းနိုင်ငံ ချင်းမိုင်နဲ့ ချင်းရိုင်းခရိုင်ရှိ ဦးတည်ရာ နေရာပေါင်း ၈ ခုကို သွားရောက်စစ်ဆေးခဲ့ပြီး ဒီအမှုမှာ ပါဝင် ပတ်သက်သူ နန်းဆောင်ကျီရာဖွန်းကို ချင်းမိုင်ခရိုင် ဖန်မြို့နေအိမ်မှာ ရာနဲ့ချီတဲ့ ဆင်းမ်ကတ်တွေနဲ့ အတူ ဖမ်းမိခဲ့ပါတယ်။
အလားတူ နန်းဆောင်ဘင်ကျမတ်ကို ဆန်ဆိုင်းမြို့မှာဖမ်းသမိသလို နိုင်းပရတ်ချ်ယာကို ချင်းရိုင်းမြို့ မှာ ဖမ်းဆီးရမိခဲ့ပါတယ်။
တာဝန်ရှိသူတွေက သူတို့ ၃ ယောက်ကို တပါးသူရဲ့အချက်အလက်အသုံးပြုပြီး ဆင်းမ်ကတ်တွေ ဝယ်ယူစုဆောင်းမှု၊ တပါးသူရဲ့အချက်အလက်ကို အသုံးပြုပြီး နည်းပညာကို မမှန်မကန်အသုံးချမှု၊ တပါးသူရဲ့ အချက်အလက်ကို သိမ်းဆည်းပြီး မသမာမှုပြုမှုတွေနဲ့ အမှုဖွင့်အရေးယူထားကာ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၅ နှစ်နဲ့ ဒဏ်ငွေ ဘတ် ၅၀၀,၀၀၀ ထိ ကျခံရမယ်လို့ ဆိုပါတယ်။
အခုလို အချက်အလက်အသုံးချခံရတဲ့ လူငယ်တွေ နောက်ထပ် ရှိကောင်းရှိနိုင်ပြီး ဆရာ/ဆရာမနဲ့ အုပ်ထိန်းသူတွေ၊ ကျောင်းသူကျောင်းသားတွေအနေနဲ့ မိမိရဲ့ ကိုယ်ရေး ကိုယ်တာအချက်အလက်ကို လုံခြုံစွာသိမ်းဆည်းဖို့နဲ့ အလားတူအဖြစ်မျိုး မဖြစ်အောင် သတိထားဖို့ ACSC က သတိပေးထားပြီး နောက်ထပ်ဆက်နွှယ်နေသူတွေကို ဆက်လက်စုံစမ်းနေပါတယ်။
Source: ThaiPBS News / ChiangMai Traffic Police / Police TV











