
ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တော်မှာရှိတဲ့ သုတေသီတွေဟာ ပေါပေါများများ ထွက်လာပြီး အာဟာရကြွယ်ဝတဲ့ စွန့်ပစ်ပစ္စည်းရင်းမြစ်ကို အသုံးချတဲ့အနေနဲ့ ဘီယာချက်လုပ်ရေး ကဏ္ဍကနေ ထွက်လာတဲ့ တဆေးတွေကိုသုံးပြီး ဓာတ်ခွဲခန်းထုတ် အသားတွေ ထုတ်လုပ်ရာမှာ စားလို့ရတဲ့ ကုန်ကြမ်းတွေကို ဖန်တီးဖို့ နည်းလမ်းတရပ်ကို တီထွင်ခဲ့ပါတယ်။
အသားတုလုပ်ဖို့ ဖွဲ့စည်းပုံကို ဖန်တီးရာမှာ လိုအပ်တဲ့ ဆဲလူးလို့စ် အခင်းအကျင်းကို ဖန်တီးတဲ့ ဘက်တီးရီးယားကို အစာကျွေးဖို့ ဘီယာချက်ရာမှာ ကျန်နေခဲ့တဲ့ အမြှုပ်တွေနဲ့ တဆေးတွေကို ဒီနည်းလမ်းက ပြန်သုံးပါတယ်။
လန်ဒန်တက္ကသိုလ် ပါရဂူတန်းကျောင်းသား ခရစ်စီယံ ဟာရစ်ဆင်က“ဓာတ်ခွဲခန်းထုတ် အသားတွေကို လုပ်တဲ့နေရာမှာ တိရစ္ဆာန်တွေရဲ့ ဆဲလ်တွေကို တည်ဆောက်ဖို့ ကျနော်တို့သုံးတဲ့ အခင်းအကျင်းဖြစ်တဲ့ ဘက်တီးရီးယား ဆဲလူးလို့စ်တွေကို လုပ်တဲ့ ကျနော်တို့ရဲ့ ဘက်တီးရီးယားတွေအတွက် ဒါက အစာကုန်ကြမ်းပါ” လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဒီဘက်တီးရီးယားက မတူခြားနားတဲ့ အရာအများကြီးအပေါ်မှာ ရှင်သန်နိုင်ပါတယ်။ ဒါပေမဲ့ ဘီယာအမြှုပ်နဲ့ တဆေးတွေလို စွန့်ပစ်ပစ္စည်းတွေကို ကျွေးတော့ လွှင့်ပစ်ရမဲ့ စွန့်ပစ်ပစ္စည်းတွေကို အသုံးဝင်တဲ့တခုခုဖြစ်အောင် လုပ်နိုင်တာပေါ့လို့ သူက ဆက်ပြောပါတယ်။
လောလောဆယ် စွန့်ပစ်နေရတဲ့ ဘေးထွက်ပစ္စည်းတွေဖြစ်တဲ့ ဘီယာအမြှုပ် တဆေးတွေကနေ ရလာတဲ့ ဘက်တီးရီးယား ဆဲလူးလို့စ်တွေကို သုံးတဲ့နည်းကို အာဟာရဆိုင်ရာ နယ်နိမိတ်များလို့ နာမည်ပေးထားတဲ့ ပညာရပ်ဆိုင်ရာ ဂျာနယ်မှာ ပုံနှိပ်ထုတ်ဝေခဲ့တာပါ။
နည်းပညာပိုင်းဆိုင်ရာ ဂုဏ်သတ္တိတွေကို စမ်းသပ်ကြည့်တဲ့အခါ အသားအစစ်အမှန်ရဲ့ ပါးစပ်နဲ့ စားနိုင်စွမ်းနဲ့ အသားအစစ်ရဲ့ လျှာပေါ်မှာ ထိတွေ့ခံစားရတဲ့ အနေအထားတွေကို ပုံတူကူးချနိုင်တဲ့ အလားအလာကို ပြနေတယ်လို့ ဟာရစ်ဆင်က ပြောပါတယ်။
“ဒီ ဆဲလူးလို့စ်ပေါ်မှာ ဆဲလ်တွေကို ကြီးထွားစေခြင်းအားဖြင့် ကျနော်တို့ရဲ့ အသားထုတ်ကုန်ကို အသားအသွင်အပြင်၊ အသားအစစ်အမှန်နဲ့ ပိုတူတဲ့ ဝါးစားနိုင်စွမ်းကို ပိုရှိစေတယ်။”
သုတေသီတွေက ဒါဟာ သက်သေပြချက်တခုသာဖြစ်ပြီး အပြီးသတ်ထုတ်ကုန်ထက် စားသုံးနိုင်တဲ့ အလားအလာကို ပြသနေပြီး ထုတ်လုပ်မှု တိုးချဲ့မှုနဲ့ တသမတ်တည်း ထုတ်လုပ်ရေးမှာ အဓိက အခက်အခဲတွေ ရှိနေဆဲပဲလို့ ပြောပါတယ်။
ယေဘုယျအားဖြင့် ဓာတ်ခွဲခန်းကနေထုတ်တဲ့ အသားဟာ ကမ္ဘာတဝန်းမှာ ဖွံ့ဖြိုးဆဲ ဈေးကွက်တခု ဖြစ်နေဆဲပါ။
စင်ကာပူဟာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလမှာ ရောင်းချမှုကို ပထမဆုံး အတည်ပြုခဲ့ပြီး အမေရိကန် စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့တွေက ၂၀၂၃ ခုနှစ် ဇွန်လမှာ ပထမဆုံး ရောင်းချမှုကို အတည်ပြုခဲ့ပါတယ်။
ကုမ္ပဏီတွေရဲ့ အကြီးမားဆုံး အခက်အခဲတွေကတော့ ထုတ်လုပ်မှု ကုန်ကျစရိတ် လျှော့ချဖို့နဲ့ တင်းကျပ်တဲ့ အစားအစာ ဘေးကင်းရေး စည်းမျဉ်းတွေအောက်မှာ ယုံကြည်စိတ်ချစွာ ထုတ်လုပ်မှုကို တိုးချဲ့ခြင်းပဲလို့ ပြောနေကြပါတယ်။
Source: Reuters











