
အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာ မှတ်ပုံတင်ထားတဲ့ အမြန်ရေယာဉ်တစီးဟာ ဖေဖော်ဝါရီ ၂၅ ရက်က ကျူးဘားရေပိုင်နက်ထဲကို ဝင်ရောက်ကာ ကျူးဘားကမ်းခြေစောင့်တပ်ဖွဲ့နဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီးနောက် အမြန်ရေယာဉ်ပေါ်ပါလာသူ ၄ ယောက် သေဆုံးပြီး ကျူးဘား အရာရှိ တယောက် အပါအဝင် စုစုပေါင်း ၇ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကျူးဘားပြည်ထဲရေး ဝန်ကြီးဌာနက ပြောပါတယ်။
ဒီဖြစ်စဉ်ဟာ ဟာဗားနားမြို့အရှေ့ဘက် ကီလိုမီတာ ၂၀၀ အကွာမှာရှိတဲ့ ဖယ်လ်ကွန်နစ္စကိုင်ကျွန်း အနီးမှာ ဖြစ်ပွားခဲ့တာပါ။
ရိုက်တာသတင်းဌာနရဲ့ ရုပ်သံမှတ်တမ်းတွေအရ ဒဏ်ရာရရှိသူတွေကို ကျူးဘားအလယ်ပိုင်း ဆန်တာကလာရာမြို့မှာရှိတဲ့ အာနယ်လ်ဒို မီလီယန်ကက်စ်ထရို ဆေးရုံကို ပို့ဆောင်ကုသ ပေးနေတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ အဲဒီဆေးရုံရဲ့ အရေးပေါ်ဝင်ပေါက်နဲ့ လူနာဆောင်တွေမှာ လုံခြုံရေး တင်းကျပ် ထားပါတယ်။
သေဆုံးသူတွေထဲက တယောက်ကိုတော့ မီခဲလ်အော်တီဂါ ကာဆာနိုဗာလို့ အမည်ဖော်ထုတ် နိုင်ခဲ့ပေမဲ့ ကျန်တဲ့ ၃ ယောက်ကိုတော့ အတည်မပြုနိုင်သေးပါဘူး။
ဖမ်းဆီးရမိထားတဲ့ ဒဏ်ရာရရှိသူတွေကိုတော့ နေရာရွှေ့ပြောင်းကာ ဆေးကုသမှု ပေးထားပါတယ်။
ကျူးဘားအစိုးရရဲ့ ထုတ်ပြန်ချက်အရ ဒီအဖွဲ့ဟာ အစိုးရဆန့်ကျင်ရေး ကျူးဘားလူမျိုးတွေဖြစ်ပြီး အမေရိကန်ကနေ လက်နက်အပြည့်အစုံနဲ့ ဝင်ရောက်လာတာလို့ ဆိုပါတယ်။
သူတို့ဆီကနေ ချေမှုန်းရေးရိုင်ဖယ်တွေ၊ လက်ပစ်ဗုံးတွေနဲ့ ကျည်ကာအင်္ကျီတွေကို သိမ်းဆည်း ရမိခဲ့ပြီး ဒါဟာ ဖမ်းဆီးထားသူတွေရဲ့ ပဏာမ ထွက်ဆိုချက်တွေအရ သူတို့ဟာ အကြမ်းဖက် လုပ်ရပ်တွေ လုပ်ဆောင်ဖို့ လျှို့ဝှက်ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ကြောင်း အစိုးရက ဆိုပါတယ်။
ဒါ့အပြင် ကျူးဘားကုန်းတွင်းပိုင်းမှာ သူတို့ကို ကြိုဆိုလက်ခံဖို့ စောင့်နေတဲ့ နောက်ထပ် သံသယရှိသူ တယောက်ကိုလည်း ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုကတော့ ဒါဟာ အမေရိကန် အစိုးရရဲ့ စီစဉ်မှု မဟုတ်သလို အစိုးရနဲ့လည်း ပတ်သက်မှု မရှိကြောင်း၊ ဒါပေမဲ့ ဖြစ်စဉ်အမှန်ကို အမေရိကန်ဘက်က သီးခြား စုံစမ်းမယ်လို့ ပြောကြားခဲ့ပါတယ်။
ဒုသမ္မတ ဂျေဒီဗန့်စ်ကလည်း ဒီအခြေအနေတွေကို နိုင်ငံခြားရေးဝန်ကြီးဆီကတဆင့် အနီးကပ် စောင့်ကြည့် နေတယ်လို့ ဆိုပါတယ်။
ကျူးဘားအစိုးရကတော့ သူတို့ရဲ့ ရေပိုင်နက်နဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့ ဘယ်လို စိန်ခေါ်မှုမျိုးကို မဆို ဆက်လက် တုံ့ပြန်သွားမယ်လို့ အခိုင်အမာ ပြောကြားထားပါတယ်။
ဒီဖြစ်ရပ်ဟာ အမေရိကန်နဲ့ ကျူးဘားအကြား ဆက်ဆံရေး အလွန်အမင်း တင်းမာနေချိန်မှာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းကလည်း ကျူးဘားရဲ့အဓိကမဟာမိတ်ဖြစ်သူ ဗင်နီဇွဲလားသမ္မတ မာဒူရိုကို အမေရိကန်တပ်ဖွဲ့တွေက ဖမ်းဆီးခဲ့တဲ့ ဖြစ်ရပ်တွေကြောင့် နှစ်နိုင်ငံဆက်ဆံရေးဟာ အဆိုးရွားဆုံး အခြေအနေကို ရောက်ရှိနေတာ ဖြစ်ပါတယ်။
Source: Reuters











