
လန်ကွတ်တီဝတ်ပြီး ရွှံတွေထဲမှာ နပန်းကစားရတဲ့ ဂျပန်ရိုးရာ ဝါရာဘီပွဲတော်ကို ကျင်းပခဲ့ပါတယ်။
တိုကျိုကနေ ကားမောင်းရင် တနာရီလောက်သွားရတဲ့ ယွတ်ဆူကိုင်ဒိုမြို့ရဲ့ သေးငယ်တဲ့ လူနေ ရပ်ကွက်မှာ ဝါရာဘီပွဲတော်ကို ပြုလုပ်ခဲ့တာပါ။
နှစ်ပေါင်း ၂၀၀ ကျော် သက်တမ်းရှိတဲ့ ဒီပွဲတော်ဟာ လန်ကွတ်တီဝတ် အမျိုးသားတွေသာ ပါဝင် ဆင်နွှဲရတဲ့ပွဲတော် ဖြစ်ပါတယ်။
ပိရမစ်ပုံစံမျိုး လူတွေကို မပြီး ရွှံ့အိုင်ထဲမှာ အချင်းချင်းတွန်းထိုးကာ ပြုတ်ကျအောင် ကစားရတဲ့ ပွဲ လည်း ဖြစ်ပါတယ်။
ဒီပွဲဟာ ဆန်ရေစပါး အထွက်တိုးဖို့ ရည်ရွယ်ပြီး ပြုလုပ်တဲ့ ကောင်းချီးမင်္ဂလာပွဲ တခုဖြစ်လို့ အနိုင် ရတာတွေ အမှတ်ပေးတာတွေတော့ မရှိပါဘူး။
အေးမြတဲ့ ရာသီဥတုမှာ လန်ကွတ်တီပဲဝတ်ပြီး ရွှံ့ထဲမှ ကစားရတဲ့ ကောင်းချီးမင်္ဂလာပွဲတခုပဲ ဖြစ်ပါတယ်။
ဝါရာဘီလို့ ဒေသခံတွေ ခေါ်ဝေါ်တဲ့ ဒီပွဲကို ပြုလုပ်ခြင်းအားဖြင့် ဆန်ရေစပါး အထွက်တိုးတယ်လို့ ယုံကြည် ကြပါတယ်။
ဒီနှစ် ဝါရာဘီပွဲမှာ အမျိုးသား ၃၄ ယောက် ပါဝင်ပြီး မွေးကင်းစကလေးတွေလည်း ပါဝင်ခဲ့ပါတယ်။
ဒီပွဲတော်မှာ ကလေးတွေကို နတ်ကွန်းမှာ ဆုတောင်းမှုပြုလုပ်ပြီး ဖခင်တွေက ကလေးတွေကို ရွှံ့အိုင်ဆီ သယ်ဆောင်တဲ့ ရိုးရာဓလေ့ကိုလည်း ဒီပွဲမှာ တွေ့ရပါတယ်။
ကလေးတွေကို အဲဒီလိုပြုလုပ်တာက ကျန်းမာရေးကောင်းမွန်စေတယ်လို့ ယုံကြည်ကြပါတယ်။
ယွတ်ဆူကိုင်ဒိုဒေသမှာ လယ်မြေအနည်းငယ်သာ ရှိတော့ပေမဲ့ သီးနှံအထွက်တိုးစေမဲ့ ရိုးရာ ယုံကြည်မှု ပွဲတော်တွေတော့ အခုအချိန်အထိ ဆက်ပြီး ရှိနေပါတယ်။
Source: Reuters











