
အိမ်ထောင်ရှိနေချိန်မှာ ရုရှားအမျိုးသမီး ၂ ယောက်နဲ့ ဖောက်ပြန်ခဲ့ဖူးတယ်လို့ မိုက်ခရိုဆော့ဖ် တည်ထောင်သူ သူဌေးကြီး ဘီလ်ဂိတ်စ်က ဝန်ခံလိုက်ပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်က ပြုလုပ်တဲ့ ဂိတ်စ်ဖောင်ဒေးရှင်း ဝန်ထမ်းစုဝေးပွဲမှာ သက်ငယ်မုဒိမ်းနဲ့ လိင်ကုန်ကူးသူ ဂျက်ဖရီအက်ပ်စ်တိန်းနဲ့ ပတ်သက်ခဲ့မှုတွေအပေါ် “သူ့လုပ်ရပ်ကို သူတာဝန်ယူတယ်” လို့ ဂိတ်စ်က ပြောကြားခဲ့ပါတယ်။
သူ ဖောက်ပြန်ခဲ့တဲ့ အမျိုးသမီးတွေဟာ ရုရှား ဘရစ်ချ်ဖဲကစားသမားတယောက်နဲ့ နျူကလီးယား ရူပဗေဒပညာရှင်တယောက်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ အဲဒီအမျိုးသမီးတွေဟာ အက်ပ်စ်တိန်း သက်ငယ်လိင်အရှုပ်တော်ပုံကြီးရဲ့ ထိခိုက်နစ်နာသူတွေ မဟုတ်ဘူးလို့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဟောင်းက ရှင်းပြပါတယ်။
အက်ပ်စ်တိန်းနဲ့ အချိန်ဖြုန်းခဲ့တာ၊ ဖောင်ဒေးရှင်းက အမှုဆောင်အရာရှိတွေကို သူ့ဆီ ခေါ်သွားခဲ့တာတွေဟာ ကြီးမားတဲ့ အမှားအယွင်တခု ဖြစ်တယ်လို့ ဂိတ်စ်က ဝန်ထမ်းတွေကို ပြောပြခဲ့ပါတယ်။
ဒါပေမဲ့ “တရားမဝင်တာ ဘာမှမလုပ်ခဲ့ဘူး။ တရားမဝင်တာ ဘာမှမမြင်ခဲ့ရပါဘူး” လို့ ဂိတ်စ်က ဖြေရှင်းခဲ့ပါတယ်။
ဇနီးဟောင်းဖြစ်သူ မယ်လင်ဒါဖရန့်ချ်ဂိတ်စ်ဟာ ၂၀၂၁ ခုနှစ်မှာ သူနဲ့ ကွာရှင်းခဲ့တာပါ။ မကြာသေးခင်ကမှ မယ်လင်ဒါက ဒီလို ရှုပ်ထွေးညစ်ပတ်မှုတွေကနေ ကင်းဝေးခွင့်ရတဲ့အတွက် အရမ်းဝမ်းသာတယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။











