
နာမည်ကြီး ရုပ်ရှင်နဲ့ ရုပ်သံဇာတ်လမ်းတွေမှာ အသုံးပြုခဲ့တဲ့ အမှတ်တရပစ္စည်းပေါင်း ၁,၅၅၀ ကျော်ကို Propstore ကုမ္ပဏီကနေ လေလံတင် ရောင်းချဖို့ ရှိနေပါတယ်။
အမေရိကန်ဒေါ်လာ ၉ သန်းဝန်းကျင် ရရှိနိုင်မယ်လို့ ခန့်မှန်းထားတဲ့ ဒီလေလံပွဲကို လော့စ်အိန်ဂျလိစ်မြို့မှာ မတ် ၂၅ ရက်ကနေ ၂၇ ရက်အထိ ကျင်းပသွားမှာပါ။
ဒီလေလံပွဲမှာ ‘Star Wars’ ဇာတ်ကားထဲက ဒေါ်လာ ၇ သိန်းအထိ ရနိုင်တဲ့ C-3PO စက်ရုပ်ခေါင်းနဲ့ ပြီးခဲ့တဲ့နှစ်ကမှ နှစ် ၅၀ ပြည့်ခဲ့တဲ့ ‘Jaws’ ဇာတ်ကားထဲက ဒေါ်လာ ၅ သိန်းခန့် တန်ကြေးရှိမဲ့ ငါးမန်းဖမ်း လှံစွပ်သေနတ်တို့ဟာ အဓိက စိတ်ဝင်စားစရာပစ္စည်းတွေ ဖြစ်နေပါတယ်။
Propstore ရဲ့ တာဝန်ခံ အီဘရာဟင် ဖာရက်ဂျ်က “ရုပ်ရှင်နဲ့ ရုပ်သံသမိုင်းမှာ အထင်ကရဖြစ်ခဲ့တဲ့ ပစ္စည်းများစွာ ကျနော်တို့ဆီမှာ ရှိပါတယ်” လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
လေလံပွဲမှာ အာနိုးရွှာဇင်နဂါရဲ့ ‘The Terminator’ ဇာတ်ကားထဲမှာဝတ်တဲ့ အင်္ကျီ၊ ‘Gladiator’ ဇာတ်ကားထဲက စစ်ဦးထုပ်တွေနဲ့ ‘Harry Potter’ ဇာတ်ကားထဲက မှော်မြေပုံ (Marauder's Map) တို့ကိုလည်း ရောင်းချပေးသွားမှာပါ။
Source: Reuters











