DVB Logo
Home
မြန်မာသတင်း
AA နှင့် အပစ်ရပ်ဆွေးနွေးရန် စစ်ကောင်စီက တရုတ်နိုင်ငံကို အကူအညီတောင်း
DVB
·
February 24, 2026
AA နှင့် အပစ်ရပ်ဆွေးနွေးရန် စစ်ကောင်စီက တရုတ်နိုင်ငံကို အကူအညီတောင်း
Donate to DVB

အာရက္ခတပ်တော် (AA) ရဲ့ ထိုးစစ်နဲ့ နယ်မြေသိမ်းပိုက်ထားမှုတွေက စစ်ကောင်စီအတွက် ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်နေပြီး အပစ်ရပ်နိုင်ရေးအတွက် ကူညီပေးဖို့ တရုတ်နိုင်ငံကို အကူအညီ တောင်းထားတယ်လို့ နေပြည်တော်သတင်းရင်းမြစ်ကနေ သိရပါတယ်။

ပြည်ထောင်စုထဲက ခွဲထွက်လာမဲ့အရေးကို တွေးပူနေတဲ့ စစ်ကောင်စီတပ်အနေနဲ့ ရွေးကောက်ပွဲအလွန် တက်လာမဲ့ ကြံ့ခိုင်ရေးပါတီ အစိုးရသစ် လက်ထက်မှာ AA နဲ့ အပစ်ရပ်ဆွေးနွေးနိုင်ဖို့ တရုတ်နိုင်ငံအနေနဲ့ ကမကထလုပ်ပေးဖို့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က အကူအညီတောင်းတယ်လို့ နေပြည်တော်သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“ရခိုင်မှာ စစ်တပ်က ကျီးလန့်စာစားဖြစ်နေတော့ AA နဲ့ အပစ်ရပ်ဆွေးနွေးဖို့က စစ်တပ်ရဲ့ အန္တိမရည်မှန်းချက်ပဲ။ ဒီလိုဆွေးနွေးဖို့ဆိုတာ တရုတ်အကူအညီမပါဘဲ မရဘူး။ တရုတ်ကပဲ ကြားဝင်ပေးမှ ရမှာ။ NSPNC အဖွဲ့တွေက တရုတ်ကို အကူအညီတောင်းထားတယ်။ တရုတ်နှစ်ကူးပွဲမှာ သံအမတ်ကြီးနဲ့တွေ့တော့ ဒုချုပ်ကိုယ်တိုင် နောက်လုပ်မဲ့ အပစ်ရပ်ဆွေးနွေးပွဲတွေမှာ အကူအညီပေးဖို့ သံအမတ်ကြီးကို တောင်းဆိုထားတာရှိတယ်။”

စစ်ကောင်စီဘက်က တဖက်မှာ အပစ်ရပ်ဆွေးနွေးမယ်လို့ ပြောဆိုနေပေမဲ့ တခြားတဖက်မှာတော့ ၂၀၂၆ ဇန်နဝါရီလကနေ ဖေဖော်ဝါရီလအတွင်း AA ထိန်းချုပ်ထားတဲ့မြို့နယ်တွေဖြစ်တဲ့ ကျောက်တော်၊ ပုဏ္ဏာန်းကျွန်း၊ မြောက်ဦး၊ ကျောက်ဖြူ စတဲ့ မြို့တွေကို  လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေတာဟာ စစ်ရေးပဋိပက္ခကို ပိုမိုကြီးထွားစေတယ်လို့ စစ်ရေးလေ့လာသုံးသပ်သူ တယောက်က  ပြောပါတယ်။

“စစ်တပ်ဘက်က အပစ်ရပ်ဆွေးနွေးဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်တွေ တဖွဲ့ပြီးတဖွဲ့ တွေ့မယ်လို့ ပြောနေပေမဲ့ မြေပြင်မှာ AA ထိန်းချုပ်နယ်မြေတွေကို လေကြောင်းကနေ ဗုံးကြဲပြီး စစ်ကြောင်းထိုးဖို့လုပ်နေတော့ ယုံကြည်မှု ဘယ်လို တည်ဆောက်မလဲ။ ဒီလုပ်ရပ်တွေက စစ်ရေးပဋိပက္ခကို ပိုမိုကြီးထွားလာစေတယ်။ တရုတ် ဝင်ကူညီရင်တောင် AA ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးမှ အပစ်ရပ်မယ်လို့ မြင်တယ်။”

၁၀၂၇ စစ်ဆင်ရေးကစလို့ AA ဟာ ရခိုင်ပြည်နယ်ထဲက အမ်း၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မောင်တော၊ ပေါက်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ၊ သံတွဲ၊ တောင်ကုတ်နဲ့ ဂွမြို့နယ် ၁၄ မြို့ကို သိမ်းယူထားပြီး ကိုယ်ပိုင်အုပ်ချုပ်ရေးကို တည်ဆောက်နေတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ မြို့နယ်ပေါင်း ၁၇ မြို့နယ်နဲ့ မြို့ပေါင်း ၂၆ မြို့ရှိတဲ့အထဲမှာ စစ်ကောင်စီတပ်က စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်ကိုသာ အုပ်ချုပ်နိုင်ပြီး အာရက္ခတပ်တော် (AA) က မြို့ ၁၄ မြို့နဲ့မြို့ ပေါင်း ၂၆ မြို့ကို ထိန်းချုပ်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013