DVB Logo
Home
မြန်မာသတင်း
ညဘက် အချိန်ပိုဆင်းရသည့် အလုပ်သမားများ လုံခြုံရေးစိုးရိမ်ရ
DVB
·
February 22, 2026
ညဘက် အချိန်ပိုဆင်းရသည့် အလုပ်သမားများ လုံခြုံရေးစိုးရိမ်ရ
Donate to DVB

ပြည်တွင်းကစက်ရုံတွေမှာ ညဘက် အချိန်ပိုဆင်းခိုင်းတာတွေက အလုပ်သမားတွေအတွက် လုယက်တာ၊ ပေါ်တာဆွဲတာ စတဲ့ လုံခြုံရေးအန္တရာယ် စိုးရိမ်ရတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ထောက်ပြပါတယ်။

ပြည်တွင်းက စက်ရုံ၊ အလုပ်ရုံတွေမှာ အလုပ်သမားတွေရဲ့ အခြေခံလုပ်အားခက တရက်ကို ငွေကျပ် ၁ သောင်းအောက်ပဲဖြစ်လို့ ဒီကနေ့ခေတ် ကုန်ဈေးနှုန်းနဲ့ဆိုရင် အချိန်ပိုအလုပ်ဆင်းမှ ဖူလုံတဲ့ အနေအထား ဖြစ်နေပါတယ်။

စက်ရုံတချို့မှာ အလုပ်သမားတွေကို ညဘက်မိုးချုပ်တဲ့အထိ အချိန်ပိုဆင်းခိုင်းတာ၊ ညလုံးပေါက် အလုပ်ဆင်းခိုင်းတာတွေရှိနေပြီး အခုလို တရားဥပဒေစိုးမိုးမှု အားနည်းတဲ့ကာလမှာ အလုပ်သမားတွေရဲ့ လုံခြုံရေးက စိုးရိမ်စရာအခြေအနေရှိနေတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။

ပြည်တွင်း အလုပ်သမားအရေး ကူညီပေးနေသူတယောက်က “အိုတီကို ဖယ်ရီ စီစဉ်ပေးတယ်ဆိုရင်တောင် ဖယ်ရီက ကိုယ့်အိမ်ရှေ့ထိရောက်တာ မဟုတ်ဘူး။ ဖယ်ရီရဲ့ စုရပ်နေရာ တခုအထိပဲ ရောက်တာ။ ဆိုတော့ အဲဒီအချိန်မှာ ဘေးတွဲတို့၊ ဆိုင်ကယ်ကယ်ရီတို့က ရှိမနေဘူးဆိုရင် အလုပ်သမားရဲ့ မိသားစုက စောင့်ရင်စောင့်၊ မစောင့်ရင် အိမ်အထိလမ်းလျှောက် ပြန်ရတာလေ။ အဲမှာ ရှိနေတဲ့ လုံခြုံရေးကို ဘယ်သူမှတာဝန်မယူနိုင်ဘူး။ ခိုးတာဝှက်တာ အဲကိစ္စတွေကလည်း တော်တော်များများကို ကြုံရတယ်လေ။ ကြုံရတယ်ဆိုတာ လမ်းမှာရိုက်လုသွားတာတို့၊ ခိုးတာတို့ အဲဒါမျိုးကလည်း အများကြီးကို ကြုံရတာ” လို့ ပြောပါတယ်။

မြန်မာနိုင်ငံက အလုပ်သမားဥပဒေနဲ့ ညွှန်ကြားချက်တွေအရ စက်ရုံတွေဟာ အလုပ်သမားတွေကို တနင်္လာကနေ သောကြာနေ့အထိ တရက်ကို ၃ နာရီနဲ့ စနေနေ့မှာ ၅ နာရီပဲ အချိန်ပို ခေါ်ခွင့် ပေးထားတာဖြစ်ပါတယ်။

အလုပ်သမားတွေကို တပတ်မှာ ၄၄ နာရီထက်ပိုပြီး အလုပ်စေခိုင်းခွင့်မရှိဘူးလို့ သတ်မှတ်ထားသလို အလုပ်သမားရဲ့ သဘောတူညီချက်ရမှ အချိန်ပိုခေါ်လို့ရမယ်လို့ စက်ရုံတွေကို ညွှန်ကြားထားတာပါ။

ပြည်တွင်းက စက်ရုံတွေမှာ အလုပ်သမားတွေကိုခွင့်ပြုထားတဲ့ အချိန်ပို သတ်မှတ်ချက်ထက် ကျော်လွန် စေခိုင်းတာ မလုပ်ဖို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပေမဲ့ စက်ရုံအချို့က မလိုက်နာဘူးလို့ အလုပ်သမားအရေး ကူညီပေးသူတွေက ပြောပါတယ်။

MICS-TUsF အထွေထွေ အတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်က “စက်မှုဇုန်တွေမှာ ပေါ်တာဆွဲတာတွေကိုလည်း ကျနော်တို့က စောင့်ကြည့်နေရတာဖြစ်ပါတယ်။ အဲဒီတော့ စက်မှုဇုန်တွေမှာ ဒီလို ပေါ်တာဆွဲတဲ့ ကိစ္စတွေကလည်း ကျနော်တို့ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တွေနဲ့ အလုပ်သမားအရေး လှုပ်ရှားဆောင်ရွက်နေသူတွေအပေါ်မှာ အများကြီး ရိုက်ခတ်မှုတွေ ရှိပါတယ်။ တခုခုဆို ကားကြီး ဝူးခနဲဆိုပြီး ထိုးလာတယ်။ ဘယ်သူတွေက ခေါ်သွားမှန်း မသိဘူး။ ဘယ်ကိုခေါ်သွားမှန်း မသိဘူး။ ကျနော်တို့က ပါသွားတယ်ဆိုတဲ့ အခြေအနေပေါ့။ ဒီအခြေအနေကို ကြည့်မယ်ဆိုရင် ကျနော်တို့ အလုပ်သမားတွေအတွက် အင်မတန်ကိုမှ စိုးရိမ်စရာကောင်းတဲ့ အခြေအနေလို့ ပြောရမှာ ဖြစ်ပါတယ်။ နောက်တခုက လုပ်ခလစာ ကိစ္စပေါ့။ လုပ်ခလစာနဲ့ပတ်သက်ပြီးတော့လည်း တောင်းဆိုမှုတွေလုပ်တာနဲ့ ၂၀၂၃ တုန်းကလည်း စက်ရုံထဲအထိ ဝင်ပြီး စစ်တပ်က ဝင်ဖမ်းတဲ့အထိ အများကြီး ဖြစ်သွားခဲ့တယ် ဆိုတော့ ဒါတွေက အလုပ်သမားရေးရာကိစ္စနဲ့ ပတ်သက်ပြီး တော်တော်ကြီး ဖိနှိပ်ခံနေရတဲ့ အခြေအနေလို့ ပြောလို့ရပါတယ်” လို့ ပြောပါတယ်။

သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ်အတွင်း အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုပေါင်းစုံအတွက် တိုင်ကြားလွှာ စုစုပေါင်း ၂၃၀ ကျော် ဖြေရှင်းခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီထဲမှာ အမျိုးသမီးလုပ်သားတွေဟာ လုပ်ငန်းခွင်အတွင်း အခွင့်အရေး ချိုးဖောက်ခံရတာတွေတင်မကဘဲ အလုပ်ခွင်မှာ အချိန်ပိုဆင်းပြီး အိမ်ရောက်တဲ့အခါ အိမ်မှုကိစ္စတွေပါ တာဝန်ယူဖြေရှင်းရတဲ့အတွက် နှစ်ထပ်ကွမ်း ဝန်ထုပ်ဝန်ပိုးတွေ ကြုံနေရတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013