DVB Logo
Home
မြန်မာသတင်း
ရေဖြူမြို့နယ် ကျွဲသုံးညီမကျေးရွာအုပ်စု ရေငန်ဝင်ရောက်မှုကြောင့် လယ်မြေများပျက်စီး
DVB
·
December 24, 2014
ရေဖြူမြို့နယ် ကျွဲသုံးညီမကျေးရွာအုပ်စု ရေငန်ဝင်ရောက်မှုကြောင့် လယ်မြေများပျက်စီး
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ် ကျွဲသုံးညီမ ကျွန်းပေါ်မှာ လယ်မြေအတွင်း ပင်လယ်ရေငန်တွေ ဝင်ရောက်တဲ့အတွက် လယ်ယာမြေတွေ ပျက်စီး ဆုံးရှုံးနေပါတယ်။

တပ်က သိမ်းယူခဲ့ပြီး ထွန်ယက်စိုက်ပျိုးသူမရှိဘဲ ပိုင်ရှင်မဲ့ဖြစ်နေတဲ့ ရေဖြူမြို့နယ်၊ ကျွဲသုံးညီမ ကျေးရွာအုပ်စုက  လယ်တွေကိုကာရံထားတဲ့ တမံတွေကျိုးပေါက်ပြီး  ပင်လယ်ရေငန်ဝင်ရောက်ကာ  ပြန်လည်ပြုပြင်မယ့်သူမရှိတဲ့အတွက် ကျွန်းပေါ်က လယ်မြေအား လုံးနီးပါး ပျက်စီးဆုံးရှုံး နေရတာပါ။

လယ်သမား ဦးချစ်စိန်က “အရင်တုန်းက တာကျိုးလို့ရှိရင် နေ့ကျိုးရင် နေ့ပိတ်တယ်၊ ညကျိုးရင်ညပိတ်တယ်။ ရေကို ချက်ချင်း ပြန်ထိန်းနိုင်အောင်ပေါ့။ နောက်ပိုင်းတော့ လုံခြုံရေး အခြေအနေအရ ညပိုင်းကျိုးရင်လည်း သွားကြည့်လို့ မရဘူး။ နေ့ဘက်ဆိုရင်လည်း သွားပိတ်ဆိုပြောမှ သွားပိတ်ရတယ်။ သူတို့ မသွားခိုင်းရင် သွားလို့မရဘူး။ ပိတ်ချင်လို့ရှိရင် သူတို့တွေကို ပိုက်ဆံပေးပြီးမှ သွားပိတ်လို့ရတယ်။ ပိုက်ဆံမပေးရင် သွားခွင့်မ ပေးဘူး။ နောက်ပိုင်း လူတွေက စိတ်ညစ်လာပြီး ဖြစ်ချင်ရာဖြစ်ကွာဆိုပြီး ဒီတိုင်းထားခဲ့တယ်” လို့ ပြောပါတယ်။

ရေဖြူမြို့နယ်၊ ကျွဲသုံးညီမကျေးရွာအုပ်စုက စတုရန်းမိုင် ၂၀ ကျော်ကျယ်ဝန်းတဲ့ လယ်မြေဧက ၃၀၀၀ ကျော်ထဲက အများစုကို မောရဝတီရေတပ်ဌာနချုပ်က တပ်ပိုင်မြေအဖြစ် ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ တပ်ပိုင်မြေဆိုင်းဘုတ်တွေစိုက်ထူပြီး သိမ်းယူခဲ့ပါတယ်။

ကျွဲသုံးညီမကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းနိုင်က “လယ်သမားတွေ၊ ဥယျာဉ်ခြံမြေသမားတွေ စိတ်ဓာတ်တွေကျ၊ ကြောက်လည်းကြောက်၊ ဘာမှလည်း ပြန်မပြောရဲဘူး။ အဲဒီတော့ မိသားစုအလိုက် ယိုးဒယားကိုရောက်၊ တချို့လည်း ပြောင်းသွားကြတာပေါ့နော်။ နောက်ကျတော့ အဲဒီလယ်တွေမှာ ဘယ်သူမှ မရှိတော့ဘဲ လယ်တွေကို ဒီအတိုင်းပစ်ထားလိုက်ရတယ်။ လယ်တွေကိုပစ်ထားတော့ လယ်ရဲ့တာတမံတွေ ရေတိုက်စားပြီး ပျက်စီးသွားတာပေါ့။ လယ်တွေလည်း ပျက်စီးသွားတာ အခုထိ အဲဒီလယ်တွေက ပျက်စီးနေပါတယ်” လို့ ပြောပါတယ်။

လက်ရှိမှာတော့ ဒီကျွန်းပေါ်မှာ လယ်ယာမြေဧက ၂၀၀ နီးပါးလောက်သာ စိုက်ပျိုးလို့ရပါတယ်။ လယ်ယာလုပ်ငန်းဖြစ်ထွန်းနေချိန်တုန်းကလို စပါးအထွက်နှုန်းတွေကို မှီခိုပြီး လုပ်ကိုင်ခဲ့တဲ့ ဆန်စက်လုပ်ငန်းတွေဟာလည်း အခု လုပ်ငန်းရပ်တည်ဖို့အတွက်  အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဆန်စက်လုပ်ငန်းရှင် ဦးတင်ရွှေက “အခုက ဂန်းတောပိုင်းမှာဆိုရင် ၉ လုံးလောက်ရှိတယ်။ အခုက ၂ လုံးလောက်ပဲ ကြိတ်နေရတယ်။ နေ့စားလည်းမမှန်ဘူးလေ။ တခါတလေ ၂ ရက်လောက်နားလိုက်၊ ၃ ရက်လောက်နားလိုက်ရတယ်။ တချို့စက်တွေဆို လုံးဝနားလိုက်ရပြီ” လို့ ပြောပါတယ်။

ကျွဲသုံးညီမကျွန်းပေါ်မှာ ကျွဲသုံးညီမကျေးရွာနဲ့ ဂန်းတောကျေးရွာဆိုပြီး နှစ်ရွာပေါင်းအိမ်ခြေ ၄၀၀ ကျော် ရှိပါတယ်။

ဒီဒေသက ဒေသခံပြည်သူတွေဟာ လယ်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်ကြတာဖြစ် တဲ့အတွက် ရေဖြူမြို့နယ်ရဲ့ စပါးကျည်ဖြစ်ခဲ့ဖူးပါတယ်။

အခု နောက်ပိုင်းမှာ ပင်လယ်ရေငန်တွေ ဝင်ရောက်လို့ လယ်ယာမြေတွေ ပျက်စီးသွားတဲ့အတွက် ဒေသခံပြည်သူတွေဟာ အိမ်နီးချင်းနိုင်ငံတွေကို ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ သွားရောက် အလုပ်လုပ်ကိုင်နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013