
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြစ်ကြီးနားလေဆိပ် ဒရုန်းနဲ့ တိုက်ခိုက်ခံရတာကြောင့် လေဆိပ်ကို ၃ လပိတ်လိုက်ပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၂၀ ရက် မနေ့ ည ၉ နာရီလောက်မှာ မြစ်ကြီးနားလေဆိပ် ဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ မြန်မာအမျိုးသားလေကြောင်းလိုင်း လေယာဉ်ရဲ့ အမြီးပိုင်းထိခိုက်ခဲ့တာကြောင့် ၃ လပိတ်လိုက်တာ လို့ ဆိုပါတယ်။
မြစ်ကြီးနားဒေသခံတယောက်က “၃ လပိတ်လိုက်ပြီလို့ လေယာဥ်လက်မှတ်အရောင်း ကောင်တာတွေက တင်ထားတယ်။ ဘယ်တော့ ပြန်ဖွင့်မယ် မသိရဘူး” လို့ DVB ကိုပြောပါတယ်။
လေယာဥ်လက်မှတ် အရောင်းဌာနတွေကလည်း ၃ လ လက်မှတ်အရောင်းပိတ်လိုက်ပြီလို့ အသိပေး ထုတ်ပြန်ထားပါတယ်။
ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက် စစ်ဆေးမှုတွေရှိခဲ့ပြီး မြစ်ကြီးနားကနေ မန္တလေးမြို့ကို ပြန်လည်ထွက်ခွာမဲ့ မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ပိုင် ATR-72-600 အမျိုးအစား ခရီးသည်တင် လေယာဉ် ထိမှန်သွားတာဖြစ်ပါတယ်။
ပစ်ခတ်မှုမှာ လေယာဉ်ခေါင်းပိုင်း၊ ကိုယ်ထည်အလယ်ပိုင်းနဲ့ နောက်မြီးပိုင်းတို့မှာ ဗုံးစထိမှန် အနည်းငယ်ပျက်စီးခဲ့ပေမဲ့ ခရီးသွားပြည်သူတွေနဲ့ လေယာဉ်အမှုထမ်းတွေ ထိခိုက်၊ သေဆုံး၊ ဒဏ်ရာရရှိမှုမရှိဘူးလို့ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက FPV suicide drone နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ စစ်ကောင်စီတပ်က ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက်ကလည်း မြစ်ကြီးနားမြို့ရှိ လေဆိပ်ကို FPV Suicide Drone နဲ့ တိုက်ခိုက်တာ ခံခဲ့ရပါသေးတယ်။
ကချင်ပြည်နယ်မြို့တော်ရှိ မြစ်ကြီးနားလေဆိပ်မှာ ခရီးသည် လေယာဉ် ဒရုန်းဗုံး ထိမှန်ခဲ့တာဟာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်က လုပ်ဆောင်ခဲ့တာ မဟုတ်ဘူးလို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက DVB ကို ပြောပါတယ်။











