
ဘရာဇီးလ်အသင်းရဲ့ ကြယ်ပွင့်တိုက်စစ်မှူး နေမာဟာလာမဲ့ ၂၀၂၆ ကမ္ဘာ့ဖလားအပြီးမှာ ကစားသမားဘဝကနေ အနားယူနိုင်ဖွယ်ရှိတယ်လို့ ပြောပါတယ်။
ဒီလထဲမှာပဲ အသက် ၃၄ နှစ် ပြည့်ခဲ့တဲ့ နေမာဟာ ဒဏ်ရာပြဿနာတွေကြောင့် ပွဲကစားချိန်လျော့ပါးနေပြီး အန်ဆလော့တီရဲ့ ကမ္ဘာ့ဖလားအသင်း လူစာရင်းမှာ ပါဝင်နိုင်ဖို့ ရုန်းကန်နေရတာပါ။
ကြံ့ခိုင်မှု မပြည့်ဝတာကြောင့် အချိန်ကြာကြီးအနားယူခဲ့ရတဲ့ နေမာဟာ ၂၀၂၅ ဒီဇင်ဘာမှာ ဒူးခွဲစိတ်မှု ခံယူခဲ့ရပါတယ်။
လက်ရှိမှာတော့ ဆန်းတို့စ် အသင်းမှာ ပြန်လည်ပါဝင်ကစားနေပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲပါဝင်နိုင်ရေးအတွက် ကြိုးစားသွားမယ်လို့ နေမာကပြောပါတယ်။
ဘရာဇီးလ်ရုပ်သံ CazeTV နဲ့ တွေ့ဆုံမှုမှာတော့ နေမာက သူ့အနာဂတ်ကို ကြိုမသိနိုင်ပေမဲ့ ဒီဇင်ဘာမှာ အနားယူချင် ယူနိုင်ကြောင်း၊ ဒီနှစ်က ဆန်းတို့စ်ကလပ် အသင်းအတွက်ရော၊ နိုင်ငံအသင်းအတွက် ပါအရေးကြီးတဲ့ နှစ်ဖြစ်ပြီး အသင်းဖော်တွေကို အကူညီပေးနိုင်ဖို့ မျှော်လင့်နေကြောင်း ပြောသွားပါတယ်။
Photo: Reuters










