
တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်က အဓိကမြို့ဖြစ်တဲ့ ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့မှာ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေက တရုတ်ကုန်တင်ယာဉ်တွေနဲ့ ယာဉ်မောင်းတွေကို တိုက်ရိုက်ခေါ်ယူပြီး လုပ်ကိုင်နေတာကြောင့် လုပ်ငန်းတွေ ရပ်နားထားရတယ်လို့ မြန်မာနိုင်ငံသား ယာဉ်မောင်းတွေနဲ့ ယာဉ်လုပ်ငန်းရှင်တွေက ပြောပါတယ်။
သိန္နီမြို့ကို MNDAA ကိုးကန့်တပ်က ထိန်းချုပ်ပြီးနောက်ပိုင်း တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေကို ခေါ်ယူပြီး စီးပွားရေး၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး စတဲ့လုပ်ငန်းတွေကို လုပ်ကိုင်ခွင်ပြုခဲ့ပါတယ်။
ဒါကြောင့် တရုတ် လုပ်ငန်းရှင်တွေက MNDAA ရဲ့အကူအညီနဲ့ ဒေသခံတွေရဲ့မြေတွေကို အဓမ္မသိမ်းယူပြီး ကြံစိုက်ပျိုးရေးလုပ်ငန်းတွေကို တွင်တွင်ကျယ်ကျယ် စိုက်ပျိုးလုပ်ကိုင်နေပါတယ်။
ဒါအပြင် ထွက်ရှိလာတဲ့ကြံတွေကို တရုတ်နိုင်ငံကို တင်ပို့ရာမှာ တရုတ်ကုန်တင်ယာဉ်တွေနဲ့ ယာဉ်မောင်းတွေကို တိုက်ရိုက်ခေါ်ယူပြီး ပို့ဆောင်နေပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံသား ယာဉ်လုပ်ငန်းရှင်တွေနဲ့ ယာဉ်မောင်းတွေဟာ လုပ်ငန်းရပ်နားခဲ့ရပါတယ်။
နယ်စပ် ယာဉ်မောင်းတယောက်က “တရုတ်နိုင်ငံက ကားတွေက သူတို့ ကားသမားတွေနဲ့ တိုက်ရိုက် ကြံတွေလာတင်လို့ မြန်မာနိုင်ငံက ကြံတင်ကားသမားတွေက ကြံတင်လို့ မရတော့ဘူး။ မြန်မာကားတွေက တရုတ်နယ်စပ်ကို ဝင်ထွက်လို့ မရဘူး။ မြန်မာနိုင်ငံဘက်က ကြံကားတွေ၊ ကြံကားသမားတွေ အလုပ်လက်မဲ့ ဖြစ်သွားပြီပေါ့။ တရုတ်ကားတွေက မြန်မာဘက် တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ နေရာတွေထဲ လွတ်လွတ်လပ်လပ် ဝင်ရောက်လို့ ရနေပြီး သိန္နီမြို့အထိတောင် တရုတ်နယ်စပ်လို ဖြစ်သွားပြီ။ ဒီ မြန်မာ - တရုတ် နယ်စပ်တလျှောက်က ကြံခင်းတွေအများစုက တရုတ်နိုင်ငံထဲက ကြံစက်ရုံကို ပို့ရတယ်။ တရုတ်နိုင်ငံသား လုပ်ငန်းရှင်တွေရဲ့ ကြံတွေပဲလေ။ အဲဒါကြောင့် တရုတ်ကားတွေ၊ တရုတ်ကားသမားတွေ သုံးမှ ပြောရမယ်ဆိုရင်တော့ မြန်မာကားတွေနဲ့ မြန်မာကားသမားတွေ အတွက်တော့ နေရာပျောက်ကုန်တာပေါ့”လို့ ပြောပါတယ်။
မြန်မာ - တရုတ်နယ်စပ် အဓိက ကုန်သွယ်ရေးဂိတ်တွေဖြစ်တဲ့ ကျင်စန်းကျော့နဲ့ ချင်းရွှေဟော် အပါအဝင် ကြူကုတ် (ပန်ဆိုင်း)၊ မုံးကိုး၊ ဖောင်းဆိုင်၊ ရန်လုံကျိုင်း စတဲ့တရုတ်နယ်စပ်ဂိတ်တွေကို MNDAA တပ်ဖွဲ့က အဓိက ထိန်းချုပ်ထားပါတယ်။
ဒါအပြင် တရုတ်ဘက်က နယ်စပ်ဂိတ်အားလုံး ဖွင့်လှစ်ထားပေမဲ့ ဒေသထွက် ကြံတွေတင်ပို့ရာမှာ မြန်မာကုန်တင်ယာဉ်တွေနဲ့ ယာဉ်မောင်းတွေကို ဝင်ထွက်ခွင့် မပြုဘူးလို့ ယာဉ်လုပ်ငန်းရှင် တယောက်က ပြောပါတယ်။
“မြန်မာဘက်က ယာဉ်ပိုင်ရှင်တချို့က တရုတ်လိုင်စင်ကားဝယ်ပြီးတော့ တင်တာလည်း ရှိတယ်။ ဒါလည်း မြန်မာယာဉ်မောင်းနဲ့ဆိုရင် တရုတ်နယ်စပ်ဂိတ်ထိပဲ မောင်းလို့ရတယ်။ တရုတ်ဘက်ခြမ်းကျတော့ တရုတ် ယာဉ်မောင်း ပြန်ချိန်းမှပဲ အဆင်ပြေတယ်။ အဲလို အခြေအနေတွေကြောင့် ကျနော်တို့ နယ်စပ်ဒေသမှာတော့ တရုတ်နိုင်ငံလို ဖြစ်သွားတယ်။ တရုတ်နိုင်ငံဘက်က ကြိုက်သလို လုပ်လို့ ရတယ်လေ။ ကျနော်တို့ဘက်က ဘာမှ လုပ်လို့ မရဘူး။ ကြံတင်နေကျ မြန်မာ ကားပိုင်ရှင်တွေနဲ့ ကြံကားမောင်းတဲ့ မြန်မာယာဉ်မောင်းတွေ ကတော့ အလုပ်လက်မဲ့ ဖြစ်သွားတယ်လို့ ပြောလို့ရတာပေါ့။ တခြားရတဲ့ အလုပ် ကြုံရာပဲ ရှာလုပ်ရတော့တာပေါ့နော်။”
ဒါအပြင် တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေက တရုတ်နယ်စပ်ကနေ သိန္နီမြို့မြို့အထိ ကုန်စည်မျိုးစုံကို တရုတ်ကုန်တင်ယာဉ်တွေနဲ့ ယာဉ်မောင်းတွေနဲ့ပဲ တိုက်ရိုက်သယ်ယူ ပို့ဆောင်နေပါတယ်။
သိန္နီမြို့မှာ ၂၀၂၅ ဧပြီလကစ သိန္နီမြို့ပေါ်က ဈေးဆိုင်ဆိုင်းဘုတ်တွေကို တရုတ်စာနဲ့ ပြောင်းရေးခိုင်းခဲ့ပါတယ်။
သမိုင်းဝင် သိန္နီဟော်နန်းမုခ်ဦးကိုပါ တရုတ်စာနဲ့ ရေးသားခဲ့ပါတယ်။ သိန္နီမြို့ကို MNDAA ထိန်းချုပ်ပြီးနောက်ပိုင်း တရုတ်နိုင်ငံသားအများဆုံး ဝင်ထွက်သွားလာနေတဲ့အပြင် KTV၊ အနှိပ်ခန်း၊ ဘား၊ ကလပ်နဲ့ ပြည့်တန်ဆာလုပ်ငန်းတွေ များပြားလာတဲ့အတွက် တရုတ်လွှမ်းမိုးပြီး ဒေသခံတွေရဲ့ လူမှုဘဝတွေ ထိခိုက်ပျက်စီးလာမှာ စိုးရိမ်ရတယ်လို့ ရှမ်းပြည်မြောက်ပိုင်းအရေးကို စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။
အောင်ခန့်










