
ဂျပန်နိုင်ငံက လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) အပြတ်အသတ်အနိုင်ရခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲအပြီး ၁၀ ရက်အကြာ ဖေဖော်ဝါရီ ၁၈ ရက်မှာ ဧကရာဇ် နာရူဟီတိုက ပါတီခေါင်းဆောင် ဆာနာအဲ တာကာအိချိကို ဝန်ကြီးချုပ်အဖြစ် တရားဝင် ပြန်ခန့်အပ်ခဲ့ပါတယ်။
တာကာအိချိဟာ ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ ဂျပန်အောက် လွှတ်တော်အမတ်တွေက မဲပေးခဲ့တဲ့ မဲ ၄၆၄ မဲအနက် ၃၅၄ မဲ ရရှိခဲ့ပါတယ်။
သူ့ရဲ့ LDP ပါတီနဲ့ ဂျပန်ဆန်းသစ်တီထွင်မှုပါတီတို့ရဲ့ အုပ်ချုပ်ရေး ညွန့်ပေါင်းအစိုးရဟာ လက်ရှိ အောက်လွှတ်တော်မှာ နေရာ ၃၅၂ နေရာ ရထားပါတယ်။
ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအိဇူမီနဲ့ ဘဏ္ဍာရေးဝန်ကြီး ဆက်ဆူကီ ကာတာယာမာ အပါအဝင် တာကာအိချိရဲ့ အစိုးရအဖွဲ့မှာပါတဲ့ ဝန်ကြီးအားလုံးကို နဂိုရာထူးတွေကို ပြန်ခန့်အပ်ခဲ့ပါတယ်။
အခုလ အစောပိုင်းက ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ သူ့ပါတီ အပြတ်အသတ် အနိုင်ရတာဟာ လုံခြုံရေးမူဝါဒတွေကို အားကောင်းစေခြင်းနဲ့ အစိုးရရဲ့ ထောက်လှမ်းရေး စွမ်းရည်တွေကို မြှင့်တင်ခြင်း အပါအဝင် အရေးကြီးတဲ့ မူဝါဒ အပြောင်းအလဲတွေကို တွန်းအားပေးဖို့ ထောက်ခံမှုရှိတာ ညွှန်ပြနေတယ်လို့ တာကာအိချိက သတင်းစာရှင်းလင်းပွဲတခုမှာ ပြောခဲ့ပါတယ်။
ဗြိတိန်ရဲ့ “သံမဏိအမျိုးသမီး” မာဂရက်သက်ချာဆီက လှုံ့ဆော်မှုရယူခဲ့တယ်လို့ ပြောခဲ့တဲ့ ဂျပန်ရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်ဟာ မတ်လကုန်မှာ ပြည်တွင်း အသားတင်ထုတ်ကုန်ရဲ့ စံချိန်တင် ၂ ရာခိုင်နှုန်းအထိ ရောက်ရှိစေရေး ကာကွယ်ရေးအသုံးစရိတ်ကို အရှိန်မြှင့်တင်နေပါတယ်။
သူက လက်နက်တင်ပို့မှုအပေါ် ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးပြီး ဂျပန်ကို တခြားနိုင်ငံတွေနဲ့ ပူးတွဲကာကွယ်ရေးပစ္စည်းစီမံကိန်းတွေကို လုပ်ခွင့်ပေးဖို့ကိုလည်း ကတိပြုထားပါတယ်။
သူ့အစိုးရအဖွဲ့က အခုနှစ်ကုန်ပိုင်းမှာ စစ်ရေးအသုံးစရိတ်ကို ပိုအရှိန်မြှင့်တင်ပေးမဲ့ အမျိုးသားလုံခြုံရေး မဟာဗျူဟာ အသစ်တခုကို ရေးဆွဲဖို့ စီစဉ်ထားပါတယ်။
Source: Reuters











