
အာဖရိကရဲ့ အလုပ်အများဆုံး လေကြောင်းသယ်ယူပို့ဆောင်ရေးဗဟိုချက်တခုမှာ လေယာဉ်ခရီးစဉ်တွေ နှောင့်နှေး၊ ဖျက်သိမ်းခဲ့ရတဲ့ ၂ ရက်ကြာ အနှောင့်အယှက်ဖြစ်ပြီးတဲ့နောက် ဖေဖော်ဝါရီ ၁၇ ရက်မှာ ကင်ညာလေဆိပ်ဝန်ထမ်းတွေက သပိတ်မှောက်နေတာကို ရပ်ဆိုင်းလိုက်ပါတယ်။
အစောပိုင်းမှာ နိုင်ရိုဘီမြို့က ဂျိုမိုကင်ညာတာ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပိတ်မိနေတဲ့ ခရီးသည်တွေဟာ သူတို့စီးမဲ့ လေယာဉ်တွေ ထွက်၊ မထွက် မသေချာလို့ နာရီပေါင်းများစွာ စောင့်ဆိုင်းနေခဲ့ကြရတာပါ။
တချို့က လေဆိပ် ကြမ်းပြင်ပေါ်မှာ တညလုံး အိပ်ခဲ့ကြရပါတယ်။ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ကင်ညာလေကြောင်း လုပ်သားသမဂ္ဂရဲ့ စက်မှုလုပ်ငန်း ဆောင်ရွက်ချက်ကို အဆုံးသတ်ရေး သဘောတူညီချက်ကို ကြားဝင် ဆောင်ရွက်ပေးခဲ့ပြီး နိုင်ရိုဘီလေဆိပ်နဲ့ တခြားအဆောက်အအုံတွေမှာ လုပ်ငန်းလည်ပတ်မှုတွေကို ပုံမှန်အတိုင်း ပြန်စတော့မယ်လို့ ပြောခဲ့ပါတယ်။
ပုံမှန်လုပ်ငန်းတွေ ပြန်စဖို့ ဘယ်လောက်ကြာမလဲဆိုတာ ရှင်းရှင်း လင်းလင်း မသိရသေးပါဘူး။ လေကြောင်းအာဏာပိုင်နဲ့ စုပေါင်းညှိနှိုင်းမှု သဘောတူညီချက်ကို မချုပ်ဆိုနိုင်တာ အပါအဝင် မကျေနပ်ချက်တွေကို ကိုးကားပြီး တရားရုံးအမိန့်နဲ့ ဆက်မလုပ်သင့်ဘူးလို့ သမဂ္ဂက ပြောခဲ့ပြီးတဲ့နောက် သပိတ်ကို စတင်ခဲ့တာ ဖြစ်ပါတယ်။
Source:Reuters











