
တရုတ်စီးပွားရေးလုပ်ငန်းရှင်တယောက်နဲ့ လျှို့ဝှက်အစည်းအဝေးတွေ ပြုလုပ်ခဲ့တဲ့ အရှုပ်တော်ပုံကြောင့် သက်တမ်း ၄ လပဲ ရှိသေးတဲ့ ပီရူးသမ္မတ ဟိုဆေးဟာရီကို ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ လွှတ်တော်က ဖြုတ်ချလိုက်ပါတယ်။
သမ္မတကို ဖြုတ်ချဖို့ လွှတ်တော်ကိုယ်စားလှယ် ၇၅ ယောက်က ထောက်ခံမဲပေးခဲ့ကြပြီး ၂၄ ယောက်က ကန့်ကွက်၊ ၃ ယောက်ကတော့ ကြားနေခဲ့ကြပါတယ်။
လွှတ်တော်အနေနဲ့ နိုင်ငံရဲ့ သမ္မတတာဝန်ကိုပါ တွဲယူရမဲ့ လွှတ်တော်ဥက္ကဋ္ဌသစ်ကို ဆက်လက်ရွေးချယ်သွားမှာပါ။
အသစ်တက်လာတဲ့ ခေါင်းဆောင်ဟာ ၈ နှစ်အတွင်း ၈ ယောက်မြောက် ပီရူးသမ္မတ ဖြစ်လာမှာဖြစ်ပြီး ဟာရီကတော့ ရာထူးကနေ ဆက်တိုက်ဖြုတ်ချခံရတဲ့ တတိယမြောက်သမ္မတ ဖြစ်ပါတယ်။
ဒီအရှုပ်တော်ပုံဟာ ပြီးခဲ့တဲ့လက စတင်ခဲ့တာပါ။ ပီရူးမှာ တရုတ်စားသောက်ဆိုင်တွေကို ချီဖာ (Chifa) လို့ ခေါ်ကြတာကြောင့် ဒီအရှုပ်တော်ပုံကို “ချီဖာဂိတ်” (Chifagate) လို့ ခေါ်ဝေါ်နေကြပါတယ်။
စွမ်းအင်စီမံကိန်းလုပ်ကိုင်နေတဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင် ကျီဟွာယန်နဲ့ တွေ့ဆုံဖို့ ဟာရီတယောက် ခေါင်းစွပ်အင်္ကျီဝတ်ပြီး စားသောက်ဆိုင်ကို ညသန်းခေါင်အချိန် လျှို့ဝှက်သွားရောက်ခဲ့တဲ့ ဗီဒီယို ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
“လျှို့ဝှက်အကျိုးစီးပွားတွေ၊ သြဇာသုံး အမြတ်ထုတ်မှုတွေနဲ့ တိတ်တဆိတ် တွေ့ဆုံမှုတွေ မပါတဲ့ အသွင်ကူးပြောင်းရေးကို ပြည်သူတွေ လိုလားနေပါတယ်” လို့ လွှတ်တော်အမတ် ရုသ်လူးကေးက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလက သမ္မတဟောင်း ဒီနာဘိုလွာတေးကို လွှတ်တော်က ဖြုတ်ချခဲ့ပြီးနောက် လွှတ်တော်ဥက္ကဋ္ဌ ဟာရီက သမ္မတရာထူးကို ဆက်ခံခဲ့တာပါ။
လာမဲ့ ဧပြီ ၁၂ ရက်မှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ရှိနေပြီး သမ္မတ ဟာရီကတော့ အခုမဲခွဲဆုံးဖြတ်မှုရလဒ်ကို လေးစားကြောင်း ပြောကြားထားပါတယ်။
Source: Reuters











