DVB Logo
Home
မြန်မာသတင်း
ကြေးနီစီမံကိန်း ခြံစည်းရိုးတိုးချဲ့မှု ရွာသားများ နှောင့်ယှက်ကြောင်း အစိုးရထုတ်ပြန်
DVB
·
December 23, 2014
ကြေးနီစီမံကိန်း ခြံစည်းရိုးတိုးချဲ့မှု ရွာသားများ နှောင့်ယှက်ကြောင်း အစိုးရထုတ်ပြန်
Donate to DVB

စစ်ကိုင်းတိုင်း လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ခြံစည်းရိုးကာမှုကို  နှောင့်ယှက်တဲ့ ရွာသားတွေကို အဓိကရုဏ်းနှိမ်နင်းရေး သေနတ်နဲ့ ပစ်ခတ်တာ ရွာသူ ဒေါ်ခင်ဝင်း တယောက်သေဆုံးတယ်လို့ အစိုးရ ဘက်က မနေ့က ထုတ်ပြန်ပါတယ်။

[caption id="attachment_74672" align="alignright" width="441"]ဓာတ်ပုံ - ကိုဟန်ဝင်းအောင် ဓာတ်ပုံ - ကိုဟန်ဝင်းအောင်[/caption]

ဒီဇင်ဘာ ၂၂ ရက်နေ့က စစ်ကိုင်းတိုင်း ဒေသကြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ခြံစည်းရိုး တိုးချဲ့ကာရံရေးလုပ်ငန်းကို ဒေသခံရွာသားတွေက တားဆီးနှောင့်ယှက်ခဲ့ကြတယ်လို့ မြန်မာအစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီလုပ်ငန်းကို အဖွဲ့ ၃ ဖွဲ့ ခွဲဆောင်ရွက်ရာမှာ ရွာသားတွေက မြေထိုးယာဉ်ရှေ့မှာ ၀မ်းလျားမှောက်ခြင်း၊ လေးဂွဖြင့်ပစ်ခတ်ခြင်း၊ အချက်ပြအလံတိုင်များကို မီးရှို့ဖျက်ဆီးခြင်း၊ လုပ်သားတွေကို ပိတ်ဆို့ထိန်းသိမ်းခြင်းတွေလုပ်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

ဒီဖြစ်စဉ်ကို တာဝန်ရှိသူတွေက ၁၂ ဗို့ပြောင်းချောသေနတ်နဲ့ စုစုပေါင်း ၁၅ ချက် ပစ်ခတ် ဖြေရှင်းခဲ့ကြောင်းနဲ့ ဖြစ်စဉ်အဆုံးသတ်မှာ ထိန်းသိမ်းခံထားရသူ လုပ်သား ၁၀ ဦးကို ပြန်ကယ်တင်နိုင်ပြီး ရဲတပ်ဖွဲ့ဝင် ၁၁ ဦးနဲ့ ရွာသား ၉ ဦးလည်း  ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဗိုလ်ကြီးဟောင်း နေမျိုးဇင်က သေဆုံးသူ ဒေါ်ခင်ဝင်းဟာ နဖူးနဲ့နောက်စေ့တပြင် ပွင့်ထွက်တဲ့ဓာတ်ပုံပါမြင်ကွင်းကို ထောက်ပြပြီး အဓိကရုဏ်းနှိမ်နင်းရေးလက်နက်မဟုတ်ဘဲ ခြေမှုန်းရေးသေနတ်ကို သုံးစွဲတာဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

“ကျနော့်အမြင်တော့ စစ်သုံးကျည်ဆန်နဲ့ ပစ်တယ်လို့ပဲ မြင်တယ်ဗျ။ သူ ပွင့်ထွက်သွားတဲ့ အနေအထားရယ်၊ သွေးက ချက်ခြင်းအိုင်ပြီး ဦးနှောက်ထွက်ပြီး သေဆုံးကွယ်လွန် ကျဆုံးသွားတဲ့ပုံကို ကြည့်ရခြင်းအားဖြင့်ပေါ့။”

“အဓိကရုဏ်း နှိမ်နင်းရေးကျည်ဆိုတာကလည်း ကျနော်တို့သိရသလောက်တော့ ဒူးအောက်ပိုင်းကို တရားသူကြီးရဲ့ ညွှန်ကြားချက်နဲ့ ဘယ်လိုအချိန်မှာ ဘယ်လို အဆင့်အထိကို  သတိပေးကြေညာချက်ထုတ်ပြန်ပြီးတဲ့အချိန်မှာ နောက်ဆုံးအကြိမ် ခြေထောက်အောက်ပိုင်းကို ဘယ်လိုပဲပစ်ရမယ်ဆိုတဲ့ အဆင့်လိုက်သတ်မှတ်ချက် ရှိပါတယ်ဗျ။ အခုလိုမျိုး ပြောင်းချောသေနတ်နဲ့ပစ်လို့ ကွယ်လွန်သွားတယ်လို့ ဖြေရှင်းချက် ကိုတော့ လက်ရှိဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေကို စနစ်တကျ ပြုလုပ်နေတယ်လို့  ယူဆရတဲ့ အစိုးရရဲ့ တုံ့ပြန်ချက်အရ ကျနော်တို့က လက်မခံနိုင်ပါဘူးခင်ဗျ။ ဒီဖြစ်ရပ်ကို စနစ်တကျ စုံစမ်းစစ်ဆေးပြီးတော့ အမှန်တရားဖော်ထုတ်နိုင်မယ့် အစိုးရနဲ့ မပတ်သက်တဲ့ အဖွဲ့တွေနဲ့ ဖော်ထုတ်သင့်တယ်လို့ သူက ပြောပါတယ်။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်လို စစ်အသွင်ပြောင်းတွေနဲ့ ဖွဲ့စည်းထားသူတွေနဲ့ ဖော်ထုတ်မယ်ဆိုရင်တော့ အမှုမှန်ပေါ်ပေါက်မှာ မဟုတ်ဘူးလို့ ဆက်ပြောပါတယ်။

ရန်ကုန်မြို့ကနေ သွားရောက်တဲ့ ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းက ဒေါ်မီးမီးနဲ့ ဒေါ်နီလာသိန်းတို့ ပါဝင်တဲ့အဖွဲ့ဟာ ဒီကနေ့မနက်မှာ မုံရွာဆေးရုံကို ရောက်ရှိပြီး သေနတ်ထိ ဒဏ်ရာရသူတွေကို တွေ့ဆုံကူညီကြပါတယ်။ မြင်တွေ့ရမှုကို ဒေါ်မီးမီးက ခုလို ပြောပါတယ်။

“ဒီမှာကတော့ လက်ကို သေနတ်မှန်တယ်။ ထုတ်ချင်းပေါက်သွားတဲ့တယောက်ရယ်။ ပေါင်မှာ ထုတ်ချင်းပေါက်သွားတဲ့ တယောက်ရယ် ဆေးရုံမှာ တင်ကျန်ခဲ့တယ်။ လောလောဆယ် လူနာတွေရဲ့အခြေအနေကတော့ သူတို့ အသားစတွေ ပြန်ထည့်ပြီးတော့ ကျောက်ပတ်တီး ပြန်ကိုင်ပေးထားတယ်။ သူတို့ကို ဆေးရုံရောက်အောင် ဘယ်ဌာနဆိုင်ရာမှ ကူညီတာ မဟုတ်ဘူး။ သူတို့ရွာသားတွေကပဲ အသားစတွေကို ပုဝါနဲ့ ကောက်ထည့်စည်းပြီးတော့ ဆိုင်ကယ်နဲ့ တင်ပြီး ရွာကို သယ်တယ်။ ရွာကမှ အရေးပေါ် လူနာတင်ယာဉ်နဲ့ မုံရွာဆေးရုံကို ပို့ကြတာ” လို့ ပြောပါတယ်။

လူနာတွေရဲ့ဒဏ်ရာတွေကို ကြည့်ရခြင်းအားဖြင့် ရာဘာကျည်ဆန်နဲ့ ပစ်ခတ်မှု မဖြစ်နိုင်ဘူးလို့ သူက ပြောပြပါတယ်။

“ဘယ်လိုပြောရမလဲ မသိဘူး။ ရာဘာကျည်ဆန် မဟုတ်တာတော့ သေချာတယ်။ ဒီမနက် ဆည်တည်းမှာ ဖြစ်တယ်တဲ့ မေးစေ့ကိုမှန်တာ ဘာမှမဖြစ်ဘူးပေါ့နော်။ မနေ့က ဒေါ်ခင်ဝင်းက ကျတော့ နဖူးစပ်ကို မှန်ပြီးတော့ နောက်စေ့ ပွင့်ထွက်သွားတယ်ပေါ့။ ဒါကတော့ ဘာကျည်ဆံနဲ့ ပစ်တယ်ဆိုတာ မသိဘူးပေါ့လေ။ မမြင်ရတော့။ ရာဘာကျည်ဆန် မဟုတ်တာတော့ သေချာတယ်လေ။ လူသတ်လက်နက်တခုနဲ့ ပစ်လိုက်တာပဲလေ” လို့ ပြောပါတယ်။

မနေ့ညက မုံရွာဆေးရုံ (ပြင်ပလူနာဌာန) မှာ ပြတဲ့ မိုးကြိုးပြင်ကျေးရွာသား လူနာ ၅ ယောက်ရယ်၊ မျက်စိပြတဲ့လူနာ ၂ ယောက်ကို မုံရွာကနေ ကားကြုံနဲ့ ခေါ်သွားမယ်လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးက တရုတ်ဝမ်ပေါင်ကုမ္ပဏီက လုပ်ခွင့်ရထားတဲ့ လက်ပံတောင်း ကြေးနီစီမံကိန်းကို ရပ်ဆိုင်းဖို့ ၂၀၁၂ နှစ်ကုန်ပိုင်းက ဆန္ဒပြပွဲမှာ အစိုးရက ဖြိုခွင်းလို့ သံဃာအများအပြား မီးလောင်ဒဏ်ရာရခဲ့ကြသလို မနှစ်နှစ်ကုန်ပိုင်းကလည်း ဆန္ဒပြပွဲကို ပစ်ခတ်နှိမ်နင်းလို့ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

မနေ့က ဒေသခံတွေရဲ့ ပြောဆိုချက်မှာတော့ ၁ ဦးသေဆုံးပြီး အယောက် ၂၀ ခန့် ဒဏ်ရာရခဲ့သလို ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက် မနက်မှာ ဆည်တည်းရွာမှာလည်း ခြံစည်းရိုးခတ်တာကို တားမြစ်တာကြောင့် ပစ်ခတ်မှုမှာ ရွာသား ၂ ဦး ရော်ဘာကျည်ဆန် ထိမှန်ခဲ့ပြီး ဒဏ်ရာ စိုးရိမ်ဖွယ်မရှိဘူးလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013