DVB Logo
Home
မြန်မာသတင်း
သက်တော် ၁၀၄ နှစ်ရှိ ညောင်တုန်းဆရာတော်ဘုရားကြီး ပျံလွန်တော်မူ
DVB
·
February 17, 2026
သက်တော် ၁၀၄ နှစ်ရှိ ညောင်တုန်းဆရာတော်ဘုရားကြီး ပျံလွန်တော်မူ
Donate to DVB

ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့၊ ပုဏ္ဏမာရာမဈေးကျောင်းတိုက်ရဲ့ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ညောင်တုန်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တဩသဓာဘိဝံသ ဟာ ဖေဖော်ဝါရီ ၁၆ ရက်၊ မနက် ၁၀ နာရီ ၄၅ မိနစ်ဝန်းကျင်က ဘဝနတ်ထံ ပျံလွန်တော်မူခဲ့တယ်လို့ ဆရာတော်ကြီးရဲ့ တပည့်ဒါယိကာတွေဆီက သိရပါတယ်။

သက်တော်ရှည်ဆရာတော်ကြီးဟာ ပျံလွန်တော်မူချိန်မှာ သက်တော် ၁ဝ၄ နှစ်၊ ဝါတော် ၈၄ ဝါအထိရှိပြီ ဖြစ်ပါတယ်။

ဆရာတော်ကို ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ ဆန်နီချောင်ကျေးရွာမှာ ခမည်းတော်  ဦးဘိုးချိန်၊ မယ်တော် ဒေါ်မယ်သင်တို့ကနေ မြန်မာသက္ကရာဇ် ၁၂၈၄ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ တနင်္ဂနွေနေ့မနက်မှာ ဖွားမြင်တော်မူခဲ့ ပါတယ်။

တပည့်ဒါယိကာတယောက်က “ဆရာတော်ကြီးက သာသနာရေးရာကိစ္စတွေမှာ အထူးဆောင်ရွက်အ အားကောင်းတဲ့ ဆရာတော်ကြီးပါ။ လက်ရှိသက်ဆိုင်ရာတာဝန်ရှိသူအဆင့်ဆင့်ရဲ့ လမ်းညွန်ချက်နဲ့ ဆရာတော်ဘုရားကြီးရဲ့ အန္တိမဈာပနကျင်းပနိုင်ဖို့အတွက် ပြင်ဆင်နေပါတယ်။ ဈာပနအခမ်းအနား ကျင်းပပြုလုပ်မဲ့ရက်ကို အသေးစိတ်ထပ်မံ ကြေညာပေးသွားမှာဖြစ်တယ်”လို့ ပြောပါတယ်။

ဆရာတော်ကြီးအနေနဲ့ ဆဋ္ဌသင်္ဂါယနာတင်ပွဲမှာလည်း ပါဝင်ဆောင် ရွက်ခဲ့ပြီး ၂၀၀၅ ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ် မတ်လအထိ နိုင်ငံတော်သံဃမဟာနာယအဖွဲ့အကျိုးတော်ဆောင်ချုပ် ဖြစ်ခဲ့ပါတယ်။

ဆရာတော်ဟာ ဆန်နီချောင်ကျေးရွာ ဇေယျသင်္ဂီကျောင်းတိုက်၊ ကျုံပျော်မြို့ဝေဠုဝန်ကျောင်းတိုက်၊ ညောင်တုန်းမြို့ ပုပ္ပားကျောင်းတိုက်၊ ပါဠိတက္ကသိုလ် ထုံးဘိုကျောင်းတိုက်၊ သပြုကျေးရွာ ကျောင်းကြီးကျောင်း၊ မန္တလေးမြို့ထီလင်းတိုက် ဇောတိကာရုံအုဌ်ကျောင်း၊ ဝေယံဘုံသာတိုက်၊ ဘုရားကြီးတိုက်၊ ညောင်တုန်းမြို့ဈေးကျောင်းတိုက်တို့မှာ ပရိယတ္တိစာပေတွေကို သင်ယူခဲ့ပါတယ်။

ဒါ့အပြင် ၁၃၀၄ ခုနှစ်၊ ၁၃၀၅ ခုနှစ်တွေအတွင်း ဂျပန်ခေတ် ဝိနည်း စာမေးပွဲမှာ အလတ်တန်းနဲ့ အကြီးတန်း၊ ၁၃၁၆ ခုနှစ်မှာ နိုင်ငံတော်အစိုးရ ပါဠိတက္ကသိုလ် ဓမ္မာစရိယစာချတန်း စာမေးပွဲ ကျမ်းရင်း ၃ ကျမ်းနဲ့ ဂုဏ်ထူး ၅ ကျမ်း အောင်မြင်ခဲ့တာကြောင့် သာသနာဓဇ သိရီပဝရ ဓမ္မာစရိယဘွဲ့တံဆိပ်တော်ကို ရရှိခဲ့ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ  ညောင်တုန်းမြို့၊ သုဓမ္မာပရိယတ္တိ ပထမပြန်စာမေးပွဲမှာဓမ္မာစရိယတန်းကို လည်း အောင်မြင်ခဲ့တဲ့အတွက် သုဓမ္မာပရိယတ္တိ ဓမ္မာစရိယအဘိဝံသဘွဲ့ တံဆိပ်တော်ကို အလှူခံရရှိတော်မူခဲ့တဲ့အပြင် သုဓမ္မာပရိယတ္တိဂုဏဝိသိဋ္ဌဓရ၊ ပရိယတ္တိသာသန ဟိတဓရဂုဏဝိသိဋ္ဌဘွဲ့တွေကို လည်းရရှိခဲ့ပါတယ်။

ဒါ့အပြင်ဆရာတော်ကြီးအနေနဲ့ သာသနာတော်အဓွန့်ရှည် တည်တံ့စေဖို့ ဆောင်ရွက်ချက်တွေအ အားကောင်းတာကြောင့် ၁၃၅၂ ခုနှစ်မှာ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်၊ ၁၃၆၅ ခုနှစ်မှာ အဘိဓဇမဟာ ရဋ္ဌဂုရုဘွဲ့တံဆိပ်တော်နဲ့ ၁၃၆၈ ခုနှစ်မှာ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်တွေကို နိုင်ငံတော်က ဆက်ကပ်လှူဒါန်းပူဇော်တာ ခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013