အိုမန်ပင်လယ်ကွေ့မှာ အမေရိကန်နဲ့ အီရန်တို့ကြား စစ်ရေးတင်းမာမှုတွေ မြင့်တက်နေပြီး အပြန်အလှန် တိုက်ခိုက်မှုတွေ ရှိနေပါတယ်။
အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) ဟာ အိုမန်ပင်လယ်ကွေ့အတွင်းရှိ M/T Sea Star III နဲ့ M/T Sevda ရေနံတင်သင်္ဘော ၂ စင်းကို အသုံးမပြုနိုင်အောင် ဖျက်ဆီးလိုက်တယ်လို့ မေ ၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
အမေရိကန်ရေတပ်ရဲ့ F/A-18 Super Hornet တိုက်လေယာဉ်ဟာ အီရန်အလံ လွှင့်ထူထားပြီး ကုန်ပစ္စည်းတင်ဆောင်ထားခြင်းမရှိတဲ့ အဲ့ဒီရေနံတင်သင်္ဘော ၂ စင်းရဲ့ မီးခိုးခေါင်းတိုင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တဖက်မှာလည်း အီရန်ရဲ့ ရေနံတင်ပို့မှုတွေကို အနှောင့်အယှက်ပေးဖို့ ကြိုးစားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အိုမန်ပင်လယ်ကွေ့အတွင်းမှာ အိုးရှင်းကွိုင်း (သို့မဟုတ်) ဂျင်းလီ အမည်ရှိ ရေနံတင်သင်္ဘောကို သိမ်းဆည်းလိုက်ကြောင်း အီရန်စစ်တပ်ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး နိုင်ငံပိုင်မီဒီယာက မေ ၈ ရက်မှာပြောပါတယ်။
ဘာဘေးဒိုးစ် နိုင်ငံအလံ လွှင့်ထူထားတဲ့ သင်္ဘောဟာ အီရန်ရေနံတွေကို တင်ဆောင်ထားပြီး ဒေသတွင်း အခြေအနေတွေကို အခွင့်ကောင်းယူပြီး ရေနံတင်ပို့မှုတွေကို ထိခိုက်အောင်နဲ့ အနှောင့်အယှက်ဖြစ်အောင် လုပ်ဆောင်ဖို့ ကြိုးစားနေတာကြောင့် အခုလို ဖမ်းဆီးရတာဖြစ်ကြောင်း အီရန်ဘက်က စွပ်စွဲထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုအောက်မှာ ရှိနေတဲ့ အဲ့ဒီ အိုးရှင်းကွိုင်း ရေနံတင်သင်္ဘောကို အီရန်တောင်ပိုင်း ကမ်းရိုးတန်းဆီ ခေါ်ဆောင်သွားပြီး တရားစီရင်ရေး အာဏာပိုင်တွေဆီ လွှဲပြောင်းပေးလိုက်ပြီလို့ အီရန်နိုင်ငံပိုင်မီဒီယာက ဆိုပါတယ်။
ဒီဖြစ်စဉ်ဟာ အာရေဗျပင်လယ်ကွေ့နဲ့ အိုမန်ပင်လယ်ကွေ့ကို ဆက်သွယ်ပေးထားတဲ့ ဟော်မုဇ်ရေလက်ကြားအတွင်း အမေရိကန်နဲ့ အီရန်တပ်ဖွဲ့တွေ ထိပ်တိုက်တွေ့ခဲ့ပြီးနောက်မှာ ဖြစ်ပွားခဲ့တာပါ။
ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်နဲ့ အစ္စရေးတို့ အီရန်အပေါ် စစ်မကြေညာခင်က ကမ္ဘာ့ရေနံစီးဆင်းမှုရဲ့ ၅ ပုံ ၁ ပုံလောက် ဖြတ်သန်းသွားလာရာ အဲဒီရေလက်ကြားကို အခုအခါ အီရန်ဘက်က အကြီးအကျယ် ပိတ်ဆို့ထားပါတယ်။










