
သက်ငယ်မုဒိမ်းနဲ့ လိင်ပွဲစား ဂျက်ဖရီ အက်ပ်စတိန်းရဲ့ မှတ်တမ်းတွေ ပွင့်လင်းမြင်သာမှုရှိရေး ဥပဒေအရ လိုအပ်သမျှ အားလုံးထုတ်ပြန်ပြီးပြီဆိုတဲ့ အမေရိကန်တရားရေးဌာန (DoJ) ရဲ့ ကြေညာချက်ကို လွှတ်တော်အမတ်တွေက ဝေဖန်လိုက်ပါတယ်။
တရားရေးဌာနလက်ထဲ ရှိသမျှ စာရွက်စာတမ်းတွေနဲ့ မှတ်တမ်းထဲပါသမျှ နာမည်တွေကို အရှက်ရစရာဖြစ်မယ်ဆိုတဲ့ အကြောင်းပြချက်မျိုးနဲ့ ဘာမှထိန်ချန်မထားဘဲ အကုန်ထုတ်ပေးလိုက်ပြီလို့ ဖေဖော်ဝါရီ ၁၄ ရက်က ရှေ့နေချုပ် ပမ်ဘွန်ဒီက အကြောင်းကြားခဲ့တာပါ။
ဒါပေမဲ့ အက်ပ်စတိန်းဥပဒေ ပူးတွဲပြုစုသူ ရီပတ်ဘလစ်ကန် လွှတ်တော်အမတ် သောမတ်စ် မက်ဆီ ကတော့ အက်ပ်စတိန်းကို တရားစွဲဖို့ သင့်၊ မသင့် အရင်က ဆုံးဖြတ်ခဲ့တဲ့ တရားရေးဌာနတွင်း မှတ်တမ်းတွေကိုပါ ထပ်မံထုတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
အခုထုတ်ပြန်လိုက်တဲ့ နာမည်စာရင်းမှာ ဒေါ်နယ်ထရမ့်ပ်၊ ဘီလ်ကလင်တန်နဲ့ တော်ဝင်မင်းသားဘွဲ့ကို စွန့်ခဲ့ရတဲ့ အင်ဒရူးမောင့်ဘတ်တန်-ဝင်ဆာ တို့အပြင် ဂျန်းနစ်ဂျော့ပလင်နဲ့ အဲလ်ဗစ်ပရက်စလေတို့လို ကွယ်လွန်ပြီးသား အနုပညာရှင်တွေလည်း ရောနှောပါဝင်နေပါတယ်။
ဒီလို မှတ်တမ်းမှာ တခါလောက် နာမည်ပါရုံနဲ့ စာရင်းထဲထည့်လိုက်တာဟာ “ဘယ်သူက ထိခိုက်နစ်နာသူဖြစ်ပြီး ဘယ်သူက ကျူးလွန်သူလဲ ဆိုတာကို တမင်ဝါးသွားအောင် လုပ်တာပဲ” လို့ ဒီမိုကရက်လွှတ်တော်အမတ် ရိုခါနာက စွပ်စွဲပါတယ်။
အက်ပ်စတိန်း ငယ်ငယ်ကတည်းက ကွယ်လွန်သွားခဲ့တဲ့ ပရက်စလေနဲ့ ဂျော့ပလင် တို့ရဲ့ နာမည်တွေကို လိင်ရာဇဝတ်ကောင် လယ်ရီနာဆာတို့လို လူတွေနဲ့ တန်းတူထား စာရင်းပြုစုထားတာဟာ အဓိပ္ပာယ်မရှိဘူးလို့လည်း သူက ထောက်ပြပါတယ်။
အက်ပ်စတိန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သူတွေနဲ့ နာမည်ပါရုံ ရည်ညွှန်းခံရသူတွေကို အခုလို ရောနှောထုတ်ပြန်တာကိုလည်း လွှတ်တော်အမတ်တွေက ပြစ်တင်ကြပါတယ်။
ဒါကြောင့် ကျူးလွန်သူတွေကို အကာအကွယ်မပေးဘဲ ထိခိုက်နစ်နာသူတွေရဲ့ နာမည်ကလွဲလို့ ကျန်တဲ့ အချက်အလက်အားလုံးကို အပြည့်အစုံ ထုတ်ပြန်ပေးဖို့ သူတို့က တောင်းဆိုနေကြတာပါ။
ဖေဖော်ဝါရီလ အစောပိုင်းက မှတ်တမ်းသစ်တွေ စတင်ထုတ်ပြန်တုန်းကလည်း နည်းပညာပိုင်း အမှားအယွင်းကြောင့်ဆိုပြီး ထိခိုက်နစ်နာသူတွေရဲ့ အမည်နဲ့ ဓာတ်ပုံတွေ ပေါက်ကြားခဲ့ဖူးပါတယ်။











