
ရုရှားသမ္မတ ဗလာဒီမာပူတင်က အိမ်ရှင်အဖြစ် လက်ခံကျင်းပမဲ့ ၃ ရက်ကြာ ရုရှား-အာဆီယံ ဖိုရမ်ကို တက်ဖို့ နိုင်ငံခြားခေါင်းဆောင်တွေဟာ ဇွန် ၁၇ ရက်မှာ ရုရှားနိုင်ငံ ကာဇန်မြို့ဆီ ရောက်လာ ကြပါတယ်။
ဘရူနိုင်းဘုရင် ဟာဆန်နယ် ဘိုလ်ကီးယား၊ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် ရိုမူအယ်လ်ဒီ မားကို့စ်၊ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်၊ ထိုင်းဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်း၊ စင်ကာပူဝန်ကြီးချုပ် လောရင့်စ် ဝေါင်၊ ဗီယက်နမ်ဝန်ကြီးချုပ် လီမင်းဟန်နဲ့ အရှေ့တီမော (တီမော-လက်စတေ) ဝန်ကြီးချုပ် ဇာနာနာ ဂတ်စ်မောတို့လည်း ဖိုရမ်ဆီ လာတက်တဲ့ ခေါင်းဆောင် တွေထဲမှာ ပါဝင်ခဲ့ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်က ရုရှား-အာဆီယံ ဖိုရမ်ရဲ့ ဆက်စပ်ဆွေးနွေးပွဲအတွင်း ဇွန် ၁၇ ရက်မှာ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာနဲ့ နှစ်နိုင်ငံဆွေးနွေးပွဲတွေ ကျင်းပခဲ့ပါတယ်။
ဆွေးနွေးပွဲတွေအတွင်း မားကို့စ်က နိုဝင်ဘာလမှာ ဖိလစ်ပိုင်နိုင်ငံကနေ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးအတွက် မနီလာမြို့ဆီလာဖို့ ပူတင်ကို ဖိတ်ကြားခဲ့ပါတယ်။
ပူတင်က ၂၀၂၅ ခုနှစ်မှာ နှစ်နိုင်ငံကြား ကုန်သွယ်ရေးက အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော် ရှိခဲ့တယ်လို့ ပြောပါတယ်။
ရုရှား-အာဆီယံ ဖိုရမ်ကို ဇွန် ၁၉ ရက်အထိ ကျင်းပမှာပါ။ မော်စကိုမြို့ရဲ့ အရှေ့ဘက် ကီလိုမီတာ ၈၀၀ အကွာ ရုရှားအလယ်ပိုင်း မြို့တမြို့ဖြစ်တဲ့ ကာဇန်မြို့မှာ ကျင်းပတဲ့ ပထမဆုံး အဆင့်မြင့် အစည်းအဝေးလည်း ဖြစ်ပါတယ်။
ဖိုရမ်အစီအစဉ်အရ ရုရှားနဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေကြား နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေဖို့ ရည်ရွယ်တဲ့ပွဲလည်း ဖြစ်ပါတယ်။
မလေးရှား၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဘရူနိုင်း၊ ဗီယက်နမ်၊ စင်ကာပူနိုင်ငံတွေအပြင် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးနဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (UAE)၊ ကာဇက်စတန်နဲ့ ကာဂျစ္စတန်နိုင်ငံ တွေက အကြီးတန်းအရာရှိတွေလည်း ဖိုရမ်အတွက် ခါဇန်မြို့ကို ရောက်နေကြပါတယ်။
Source: Reuters










