
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ရွာမှာ စစ်အာဏာရှင်တပ်ဘက်က လက်နက်ကြီး ပစ်ခတ်လို့ အရပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီမှ သိရပါတယ်။
သြဂုတ် ၁၈ ရက် မနက် ၁၁ နာရီဝန်းကျင်လောက်မှာ လောင်းလုံးမြို့နယ်၊ ခလရ ၁၀၄ တပ်ရင်းက လက်နက်ကြီးနဲ့ ၂ ချက် ပစ်ခတ်ခဲ့ရာ ကျောက်ဆင်ရွာကို တလုံးကျပြီး မောင်းမကန်တောင်ထိပ်ကို တလုံးကျတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်ဆင်ရွာကိုကျတဲ့ လက်နက်ကြီးမှာ အရပ်သားနေအိမ် ထိမှန်ခဲ့လို့ အရပ်သား ၂ ယောက် သေဆုံးပြီး ၂ ယောက်ကတော့ မစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသွားသူတွေကတော့ ကျောက်ဆင်ရွာဒေသခံတွေ ဖြစ်ကြတဲ့ ဦးသန်းအောင်နဲ့ သူ့ရဲ့ သားဖြစ်သူ ကိုပြည့်အောင် တို့ဖြစ်ကြပြီး ဇနီးနဲ့ တူမတို့လည်း အနည်းငယ် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်နက်ကြီးကျတဲ့ ကျောက်ဆင်ရွာအနီးနားဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘူးလို့ မြေပြင်ရှိ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတယောက်က “အဲဒီရွာတွေဘက်မှာ တော်လှန်ရေးတပ် မရှိဘူး။ တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ စစ်တပ်ဘက်က ဒီလိုမျိုး မကြာမကြာလုပ်နေတာကြောင့် ပြည်သူဘက်က ထိခိုက်ကျဆုံးတာ တော်တော်များတယ်။ သတင်းမှာသာ မတက်လာတာ။ အဲဒီလို ဖြစ်စဥ်မျိုး ကြုံရတဲ့ရွာတွေ အများကြီးပဲ”လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်ဘက်က အသုံးပြုတဲ့လက်နက်ကြီးကျည်မှာ ၁၅၀ မမဖြစ်ပြီး ဟောင်ဝစ်ဇာနဲ့ ပစ်ခတ်တာဖြစ်နိုင်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
စစ်တပ်ရဲ့ ခလရ ၁၀၄ တပ်ရင်းဟာ ထားဝယ်-မောင်းမကန်လမ်းပိုင်းမှာ တည်ရှိပြီးတော့ ကျောက်ဆင်ရွာနဲ့ ၃ မိုင်ဝန်းကျင်လောက် ကွာဝေးပါတယ်။











