
တရုတ် ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးတယောက် ရာထူးကနေ အပြတ်အသတ် ဖယ်ရှားခံရပြီးနောက်မှာ အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) ဟာ တရုတ်စစ်တပ်အတွင်းက အလားအလာရှိတဲ့ စစ်ဘက်သတင်းပေးတွေကို ပစ်မှတ်ထား စည်းရုံးတဲ့ ဝါဒဖြန့် ဗီဒီယိုအသစ်တခုကို ဖြန့်ချိလိုက်ပြီး နိုင်ငံရေးမငြိမ်သက်မှုတွေကို အသုံးချဖို့ ကြိုးပမ်းမှုတရပ်လို့ သုံးသပ်နေကြပါတယ်။
ဒါဟာ ဝါရှင်တန်ရဲ့ မဟာဗျူဟာမြောက် ပြိုင်ဘက်ဖြစ်တဲ့ တရုတ်နိုင်ငံအတွင်း လူသားအရင်းအမြစ် ထောက်လှမ်းရေးကွန်ရက်ကို တိုးချဲ့ဖို့ CIA ရဲ့ နောက်ဆုံးခြေလှမ်းလည်း ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက်မှာ CIA က တရုတ်ဘာသာစကားနဲ့ ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုဖိုင်ထဲမှာ အထက်လူကြီးတွေအပေါ် စိတ်ပျက်နေတဲ့ အလယ်အလတ်အဆင့် တရုတ်စစ်ဘက်အရာရှိ တယောက်ရဲ့ ပုံရိပ်ကို ဖော်ပြထားပြီး အမေရိကန်ထောက်လှမ်းရေးနဲ့ လုံခြုံစိတ်ချစွာ ဆက်သွယ်နိုင်ရေးကို လှုံ့ဆော်ထားပါတယ်။
“ဒီဗီဒီယိုတွေဟာ တရုတ်နိုင်ငံသား အများအပြားဆီကို ရောက်ရှိနေပြီဖြစ်ပြီး တရုတ်အစိုးရ အရာရှိတွေအနေနဲ့ ပိုမိုတောက်ပတဲ့ အနာဂတ်အတွက် ကျနော်တို့နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ အခွင့်အလမ်းတွေကို ဆက်ပြီး ကမ်းလှမ်းသွားမှာပါ” လို့ CIA ညွှန်ကြားရေးမှူး ဂျွန် ရတ်ထ်ကလစ်ဖ်က ထုတ်ပြန်ချက်မှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့လက တရုတ်နိုင်ငံရဲ့ ဒုတိယအာဏာအရှိဆုံး စစ်ဘက်ခေါင်းဆောင် ကျန်းယို့ရှာကို အဂတိလိုက်စားမှုနဲ့ စစ်ဆေးခံနေရတယ်လို့ ကြေညာခဲ့ပြီးနောက်မှာ CIA က အခုဗီဒီယိုကို ထုတ်လိုက်တာပါ။
ဗီဒီယိုထဲမှာတော့ တရုတ်စစ်အရာရှိအဖြစ် သရုပ်ဆောင်ထားသူက “ခေါင်းဆောင်မှု အရည်အချင်းရှိသူ မှန်သမျှဟာ သံသယပွားခံရပြီး ရက်ရက်စက်စက် ဖယ်ရှားခံနေရတယ်၊ သူတို့ရဲ့ အာဏာဟာ မရေမတွက်နိုင်တဲ့ အလိမ်အညာတွေပေါ်မှာ တည်ဆောက်ထားတာ” လို့ တရုတ်ဘာသာစကားနဲ့ ပြောကြားထားပါတယ်။
တရုတ်စစ်တပ်အတွင်း နှစ်ရှည်လများ ပြုလုပ်နေတဲ့ အဂတိနှိမ်နင်းရေး အရေးယူမှုတွေကြောင့် စစ်တပ်အတွင်း ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအရ ဂယက်ရိုက်ခတ်မှုတွေကို အသုံးချဖို့ CIA က ရည်ရွယ်ပုံရပါတယ်။
CIA ကတော့ သူတို့ရဲ့ အွန်လိုင်းလှုပ်ရှားမှုဟာ တရုတ်နိုင်ငံရဲ့ Great Firewall အင်တာနက် ကန့်သတ်ချက်ကို ထိုးဖောက်ကျော်ဖြတ်ပြီး ရည်ရွယ်ထားတဲ့ ပစ်မှတ်ထားသူတွေဆီ ရောက်ရှိနေတယ်လို့ ယူဆထားပါတယ်။
သူတို့ရဲ့ အရင်ဗီဒီယိုတွေတုန်းကလည်း လူသန်းပေါင်းများစွာဆီ ရောက်ရှိခဲ့ပြီး အရင်းအမြစ်အသစ်တွေဆီကို လှုံ့ဆော်ပေးခဲ့ပါတယ်လို့ CIA အရာရှိတယောက်က ရိုက်တာကို ပြောကြားခဲ့ပြီး အသေးစိတ်တော့ မဖော်ပြပါဘူး။
သတင်းတွေအရ ၂၀၁၀ ပြည့်နှစ်ကနေ ၂၀၁၂ ခုနှစ်အတွင်း တရုတ်အစိုးရရဲ့ ဖော်ထုတ်ဖမ်းဆီးမှုတွေကြောင့် အမေရိကန်သတင်းရင်းမြစ် အများအပြား အသတ်ခံရခြင်း သို့မဟုတ် ထောင်ချခံရခြင်းတွေကြောင့် CIA ရဲ့ ထောက်လှမ်းရေးကွန်ရက် ပျက်စီးခဲ့ရပြီးနောက်ပိုင်း CIA ဟာ တရုတ်နိုင်ငံတွင်းက သူလျှိုကွန်ရက်ကို ပြန်တည်ထောင်ဖို့ အကြီးအကျယ် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
တရုတ်ရဲ့ စပိုင်အေဂျင်စီတွေဟာ အမေရိကန် လက်ရှိဝန်ထမ်းနဲ့ အရင်ဝန်ထမ်းဟောင်းတွေကို စုဆောင်းဖို့ မနားမနေ လုပ်ဆောင်ခဲ့ကြကြောင်း အမေရိကန်အရာရှိတွေက ပြောကြားခဲ့ပါတယ်။
အပြန်အလှန်အားဖြင့် တရုတ်အစိုးရဘက်ကလည်း သူတို့နိုင်ငံထဲမှာ အမေရိကန်ရဲ့ ထောက်လှမ်းရေးအဖွဲ့တွေကို အောင်မြင်စွာ ဖော်ထုတ်နိုင်ခဲ့တယ်ဆိုတဲ့ သတင်းအချက်အလက်တွေကို မကြာသေးမီနှစ်တွေအတွင်းကပဲ အစဉ်တစိုက် ထုတ်ပြန်ခဲ့ပါတယ်။
ထိပ်တန်းအဆင့် လျှို့ဝှက်ထောက်လှမ်းရေး ယှဉ်ပြိုင်မှုတွေဟာ ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံကြားက စစ်ရေးနဲ့ နည်းပညာဆိုင်ရာ ပြိုင်ဆိုင်မှု ပြင်းထန်လာတာကို ပြသနေပြီး ဒါဟာ “စစ်အေးတိုက်ပွဲသစ်” ရဲ့ ပုံစံတခု ဖြစ်လာတယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။
Source: Reuters











