
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အနောက်ခြမ်းမှာရှိတဲ့ ဘုတ္ထန်းကျေးရွာကို ဖေဖော်ဝါရီ ၁၁ ရက် ည ၉ နာရီခွဲဝန်းကျင်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူတယောက် သေဆုံးကာ အိမ်ခြေ ၃၀ နီးပါး ပျက်စီးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဖေဖော်ဝါရီ ၁၂ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက “မြေပြင်အချက်အလက်တွေ အရ ဘုတ္ထန်းရွာထဲကို စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးနဲ့ အကြောင်းမဲ့ လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသွားသူဟာ အဲဒီရွာခံ အသက် ၃၇ နှစ်အရွယ် အမျိုးသားတယောက် ဖြစ်ပါတယ်။ ပျက်စီးမှုအခြေအနေကတော့ မီးလောင်သွားတဲ့ လူနေအိမ်က ၃ လုံးပါ။ တစစီ လုံးဝပျက်စီးသွားတာက ၁၀ လုံးဖြစ်ပြီးတော့ ဗုံးစထိမှန်တဲ့ အိမ်အရေအတွက်က ၁၆ လုံး ဖြစ်ပါတယ်။ စုစုပေါင်း အိမ်ခြေ ၃၀ နီးပါး ပျက်စီးခဲ့တာပါ” လို့ ပြောပါတယ်။
အဆိုပါ ဘုတ္ထန်းကျေးရွာထဲကို လေကြောင်းတိုက်ခိုက်သွားကြတဲ့ တိုက်လေယာဥ် ၂ စီးဟာ Yak 130 အမျိုးအစားတွေဖြစ်ပြီး တံတားဦးလေတပ်ကနေ တက်လာကြတာလို့ ဆိုပါတယ်။
ဒီပဲယင်းမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “အာဏာသိမ်းပြီးနောက်ပိုင်း အခုချိန်အထိ အဲဒီ ဘုတ္ထန်းရွာကို စစ်ကြောင်းဝင်ပြီး အိမ်တွေ မီးရှို့ခံရတာနဲ့ အခုလို လေကြောင်းတိုက်ခိုက်ခံရတာက ၁၀ ကြိမ် မကတော့ဘူး။ အဲဒါကြောင့်လည်း အဲဒီရွာကလူတွေ အတော်များများ ရွာထဲမှာ မနေရဲကြတာ ၃ နှစ်ကျော်ပြီ။ အခု သေဆုံးသွားတဲ့သူကလည်း ရွာထဲပြန်လာနေတာ သိပ်မကြာသေးဘူး။ ဒဏ်ရာရလို့ ဆေးကုနေရင်းနဲ့မှ ဆုံးသွားတာလို့ သိရတယ်ဗျ” လို့ DVB ကို ပြောပါတယ်။
အခုရက်ပိုင်း စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးတာ မရှိတဲ့အပြင် တိုက်ပွဲဖြစ်ပွားနေတာလည်း မရှိ၊ တော်လှန်ရေးတပ်စခန်းတွေ မရှိတဲ့ အဆိုပါ ဘုတ္ထန်းကျေးရွာကို လေကြောင်းတိုက်ခိုက်သွားတာ ဖြစ်ပါတယ်။
ဒီပဲယင်း၊ မြင်းခြံ၊ နွားထိုးကြီးနဲ့ တောင်သာမြို့နယ်တွေဟာ တော်လှန်ရေးအင်အားကောင်းပြီး မြေပြင်စစ်ကြောင်းတွေ အထိနာနေတဲ့ စစ်ကောင်စီတပ်ဟာ အဆိုပါမြို့နယ်တွေထဲက စစ်ရေးနဲ့ မသက်ဆိုင်တဲ့ ကျေးရွာတွေ၊ စာသင်ကျောင်းတွေ၊ တိုက်နယ်ဆေးရုံနဲ့ ဆေးပေးခန်းတွေကို ပစ်မှတ်ထားပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာကြောင့် ပြည်သူတွေအနေနဲ့ သတိနဲ့ နေထိုင်သွားလာကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။











