DVB Logo
Home
မြန်မာသတင်း
ကရင်နီတပ်မတော် (UKSA) ပေါ်ပေါက်ရန် ညှိနှိုင်းကြိုးပမ်းနေ 
DVB
·
February 12, 2026
ကရင်နီတပ်မတော် (UKSA) ပေါ်ပေါက်ရန် ညှိနှိုင်းကြိုးပမ်းနေ 
Donate to DVB

ကရင်နီပြည်နယ်မှာ စည်းလုံးညီညွတ်သော ကရင်နီတပ်မတော် (UKSA) ပေါ်လာဖို့အတွက် လက်နက်ကိုင်တပ်တွေကြား မူအရ သဘောတူညီမှုရထားပြီ ဖြစ်ပေမဲ့ ပူးပေါင်းဖို့အတွက် ညှိနှိုင်းနေတယ်လို့ သိရပါတယ်။

ကရင်နီပြည်နယ်ရဲ့ နိုင်ငံရေးလမ်းပြမြေပုံအရ ကြားကာလ အသွင်ကူးပြောင်းရေးကာလနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကာလဆိုပြီး အပိုင်းအခြား ၃ ခုကို သတ်မှတ်ထားတဲ့ အတွက် အသွင်ကူးပြောင်းရေးဆိုင်ရာ အစိုးရသစ်ကို ဖွဲ့စည်းပြီး တပ်တွေအားလုံး ပေါင်းစည်းရေး အတွက်လည်း ဆွေးနွေးမှုတွေ လုပ်နေပြီလို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက ဆိုထားပါတယ်။

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ရဲ့ စစ်ရေးချုပ် ခူးရီးဒူ ကလည်း စည်းလုံးညီညွတ်သော ကရင်နီတပ်မတော် (UKSA) ကို ကရင်နီပြည်နယ် အရပ်သားအစိုးရရဲ့ လက်အောက်မှာ ထားမှာဖြစ်တဲ့အတွက် ၂၀၂၁ စစ်တပ်အာဏာမသိမ်းမီက ပြည်နယ်တွင်း ရှိခဲ့တဲ့ လက်နက်ကိုင်တပ်တွေနဲ့ အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်လာတဲ့ တပ်တွေက စည်းလုံးညီညွတ်မှုကို အစွမ်းကုန် တည်ဆောက်နေတယ်လို့ ဖေဖော်ဝါရီ ၇ ရက်က လုပ်တဲ့ ကမ်ပိန်းအစီစဉ်တခုမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီ တပ်ပေါင်းစုဖွဲ့ဖို့ကိစ္စကို KNDF တဖွဲ့တည်းကအဆင်သင့်ဖြစ်နေပြီး ကျန်တဲ့အဖွဲ့တွေက စောင့်ကြည့် ချိန်ဆနေကြတယ်လို့ KNDF တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။

“လောလောဆယ် UKSA သွားဖို့ဆိုတာ KNDF တဖွဲ့လောက်ပဲ အသင့်ဖြစ်တဲ့အနေအထားပေါ့၊ အဆင်သင့်ဖြစ်တဲ့ အနေအထားရှိတယ်။ ကျန်တဲ့အဖွဲ့တွေက အဆင်သင့်ဆိုတာထက် တချို့က ကျနော်ကြားမိတာက အချိန် ၆ လ တနှစ်ဆိုတဲ့ ဟာမျိုးတွေ ကြားတယ်။ ဥပမာ KA ဆိုရင် ခိုင်မာတဲ့အစိုးရ ဖြစ်မှပဲ ပါမယ် ဆိုတဲ့ဟာမျိုးပေါ့၊ ဒါကတော့ ကျနော်တို့ ကြားမိတဲ့ဟာတွေပါ။ တခြားတပ်တွေကျတော့ သူတို့တွေ့ဆုံဆွေးနွေးမှု အခြေအနေက ဘယ်လိုလဲဆိုတာ ကျနော်တို့ မသိရဘူး။”

လက်ရှိ ကရင်နီပြည်နယ်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတွေကို အကောင်အထည် ဖော်နိုင်ဖို့အတွက် ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)ကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က ၂၀၂၁ ခုနှစ်မှာ ဖွဲ့စည်းခဲ့ပါတယ်။

လက်ရှိ ကရင်နီတပ်မတော် ပေါ်လာဖို့အတွက် တပ်တွေရဲ့ လူသူလက်နက်အင်အားကို စိစစ်နေဆဲ ဖြစ်ပေမဲ့ မူအရ သဘောတူထားတာရှိတယ်လို့ KNPP ရဲ့ အထွေထွေအတွင်းရေးမှူးက ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

“ဒီနေ့အချိန်ထိလည်း ကျနော်တို့ ကြားကာလ အုပ်ချုပ်ရေးကောင်စီမှာပဲဖြစ်ဖြစ် ဘယ်မှာပဲဖြစ်ဖြစ်ပေါ့၊ ကျနော်တို့ကတော့ ထဲထဲဝင်ဝင် လုပ်ပေးနေတာတွေ ရှိပါတယ်။ ပူးပေါင်းဆောင်ရွက်တာတွေ ရှိပါတယ်။ ကျနော်တို့အတွက်ကတော့ တပ်တတပ်ဖြစ်ရေးတို့ ကရင်နီပြည်အစိုးရ ပေါ်ပေါက်ရေးဆိုတာ ကျနော်တို့ မူဝါဒအားဖြင့် လက်ခံပြီးသားဖြစ်တယ်။ ဒါပေမဲ့ ဒါတွေကို ကျနော်တို့က Strategic (ဗျူဟာ) ကျကျနဲ့ ကျနော်တို့ အလုပ်လုပ်သွားဖို့ကိုပဲ ကျနော်တို့ ညှိနှိုင်းနေတာ ရှိပါတယ်။ အခုကတော့ Constitution Draft က ပြီးသွားပြီပဲ၊ ပြီးသွားပြီဆိုတော့ ပါဝင်ဖွဲ့စည်းမဲ့ အစုအဖွဲ့တွေရဲ့ သဘောထားကို လိုက်ပြီးမှ ချပြနေတဲ့ အဆင့်ပဲ ရှိသေးတာပေါ့နော်။”

မတူညီတဲ့ တပ်တွေအားလုံး ပေါင်းစည်းဖို့အတွက် ခေါင်းဆောင်ပိုင်းနဲ့ တာဝန်ယူမှု တာဝန်ခံမှု အပိုင်းတွေမှာ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ ရှိလာနိုင်ပြီး တပ်တခုတည်း ပေါ်ထွက်လာနိုင်ပါကလည်း ကျန်နေတဲ့တပ်တွေအတွက် စံနမူနာဖြစ်လာနိုင်တာမို့ အခုလို စပြင်ဆင်နေတဲ့ ခြေလှမ်းဟာ ကရင်နီပြည်နယ်အတွက် အားရစရာဖြစ်တယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) အဖွဲ့မှ စစ်ဘက်သုတေသန တာဝန်ခံ ကိုနောင်ရိုးက DVB ကို ပြောပါတယ်။

“စိန်ခေါ်မှုတွေ ပွတ်တိုက်မှုတွေဆိုတာ ဒါ ရှိတတ်စမြဲပဲ။ တပ်တွေ ပေါင်းစည်းတဲ့အခါမှာ သူ့ဘက် ကိုယ့်ဘက် ကြားမှာ ကျနော်တို့ ခေါင်းဆောင်မှုတွေ တာဝန်တွေကို ရွေးချယ်တဲ့အခါမှာ နိုင်ငံတကာ စံနှုန်းတွေမှာတော့ တပ်အချိုးအစား ပိုပြီးကြီးတဲ့သူ Responsible ပေါ့ဗျာ၊ Accountable နဲ့ Responsible ပိုများတဲ့သူက စစ်ရေးစီးမံဦးဆောင်မှုတွေ၊ မူဝါဒတွေမှာ နေရာပိုပြီး ပေးရလေ့ ခေါင်းဆောင်ယူရလေ့ ရှိတယ်။ နောက်တခုက ပေါင်းစည်းပါဝင်တဲ့ တပ်တွေကိုလည်း ထိုက်သင့်တဲ့ ဦးစီးခန့်ခွဲမှုနေရာတွေမှာ ဖြန့်ခွဲ နေရာပေးရလေ့ရှိတယ်။ ဒီမူတွေနဲ့ နှစ်ဖက်စလုံးကြားမှာ ပေါင်းစည်းစေချင်တယ်။ ဒါမှသာလျှင် ပေါင်းစပ်မှုတွေက ပိုပြီး အားကောင်း ခိုင်မာလာမယ်လို့ ကျနော်တို့ မြင်တယ်။”

ကရင်နီဒေသမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ မြို့နယ်အလိုက် ဖွဲ့ထားတဲ့ တပ်ရင်းတွေအပြင် ပြည်နယ်အခြေစိုက် တပ်တွေဖြစ်တဲ့ KNPP/KA၊ KNPLF (ကလလတ)၊ KNLP၊ KNPDP၊ KNSO နဲ့ ပြီးခဲ့တဲ့နှစ်မှာ ဖွဲ့ခဲ့တဲ့ ကယန်းအမျိုးသားတပ်မတော် (KNA) တပ်တွေ တိုက်ပွဲဝင်နေကြပါတယ်။

စစ်ဘက်ဆိုင်ရာ စစ်တမ်းတွေအရ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့တဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ဟာ လက်ရှိအချိန်မှာ တပ်ရင်း ၃၀ ကျော်ထိ ဖွဲ့စည်းထားနိုင်ပြီး ကရင်နီပြည်နယ်အတွင်း အင်အားအတောင့်တင်းဆုံး လက်နက်ကိုင်အဖွဲ့ တဖွဲ့အဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။

မောရစ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013