
အဝလွန်ခြင်းကို ဆန့်ကျင်တဲ့ သူရဲကောင်း ဖြစ်လိုကြောင်း ပြောပြီး စားစရာအစစ်ကို စားကြဖို့ ဂန္ထဝင်လက်ဝှေ့သမား မိုက်တိုင်ဆန်က တိုက်တွန်းခဲ့ပါတယ်။။
မိုက်တိုင်ဆန်ဟာ အမေရိကန်ကို ပြန်လည်ကျန်းမာစေမယ် MAHA ဆိုတဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့က ကျင်းပခဲ့တဲ့ အစီအစဉ်မှာ ပါဝင်ခဲ့တာဖြစ်ပြီး သူ့ဘဝတလျှောက် ကြုံတွေ့ခဲ့ရတဲ့ အဝလွန်ခြင်းကို ရှင်းပြပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် လူမူအဖွဲ့အစည်းထဲမှာ ကျန်းမာတဲ့ နေထိုင်မှုအတွက် တိုက်ပွဲဝင်မယ်လို့ မိုက်တိုင်ဆန်က ကတိပြုထားပါတယ်။
အကြိမ်ကြိမ် ပြုပြင်ဖန်တီးထားတဲ့ အစားအသောက်တွေ ဘရွတ်ကလင်းမှာ ပေါများလာတယ်လို့လည်း မိုက်တိုင်ဆန်က ပွင့်ပွင့်လင်းလင်း သတိပေးထားပါတယ်။
“ကျနော့် ညီမက အဝလွန်ရောဂါနဲ့ အသက် ၂၅ နှစ်မှာ သေဆုံးခဲ့ပါတယ်။ ကျနော်က ဘရွတ်ကလင်းမှာ ကြီးပြင်းခဲ့တာပါ။ အဲ့ဒီမှာရှိတဲ့ အစားအသောက်အကုန်လုံးနီးပါးက ပြုပြင်ထားတဲ့ အစားအသောက်တွေပါ။ အဝလွန်ခြင်းက ကျနော့် ဘဝတလျှောက်လုံး အကြီးဆုံးတိုက်ခဲ့ရတဲ့ တိုက်ပွဲတခုပါ။ အဝလွန်ခြင်းက ကျနော့်ဘဝကို ထိခိုက်ခဲ့မှုတွေရှိခဲ့တာကြောင့် အဝလွန်ခြင်းကို တိုက်ဖျက်တဲ့ ဒီနယ်ပယ်မှာ ကျနော်က သူရဲကောင်း တယောက် ဖြစ်ချင်ပါတယ်” လို့ မိုက်တိုင်ဆန်က ပြောခဲ့ပါတယ်။
မိုက်တိုင်ဆန်ဟာ ငယ်ဘဝမှာ အစိုးရအထောက်အပံ့ ငွေကြေးနဲ့ အစားအသောက်တွေ ဝယ်ယူခဲ့ရပုံ၊ အမေရိကန်မှာ အကြိမ်ကြိမ်ပြုပြင်ထားတဲ့ အစားသောက်တွေ ပေါများပုံနဲ့၊ လက်ဝှေ့ဆရာတယောက်နဲ့တွေ့ပြီး မှန်ကန်တဲ့ အစားအသောက် စားသောက်ပုံ ရရှိခဲ့တာလို့လည်း သူက ဖွင့်ဟခဲ့ပါတယ်။
သူ့ရဲ့ ဘဝတလျှောက်လုံး စစ်မှန်တဲ့ အစားအသောက်ကို စားသောက်ဖို့နဲ့ အဝလွန်ခြင်းကို တိုက်ထုတ်ဖို့ ကြိုးစားခဲ့ရတယ်လို့လည်း ဆိုပါတယ်။
MAHA ရဲ့ ရည်ရွယ်ချက်ကတော့ စားစရာအစစ်တွေကို စားပါဆိုတဲ့ လှုပ်ရှားမှုပဲဖြစ်ပါတယ်။ ဒီလှုပ် ရှားမှုကို စိုက်ပျိုးရေး၊ ကျန်းမာရေးနဲ့ လူမှုကူညီရေးဌာနက ထောက်ပံ့ပေးထားပါတယ်။ အမေရိကန် နိုင်ငံသားတွေ တကယ့်စားစရာအစစ်တွေစားဖို့၊ ပြုပြင်ထားတာမျိုး မရှိတဲ့ အစားအသောက်တွေ စားဖို့ တိုက်တွန်းထားပါတယ်။
Photo:Reuters










