
အာတိတ်ဒေသမှာ မြောက်အတ္တလန္တိတ် စစ်ရေး မဟာမိတ်အဖွဲ့ နေတိုးတပ် တည်ရှိမှုကို အားကောင်း စေဖို့ စစ်ဆင်ရေးတရပ်ကို ဖေဖော်ဝါရီ ၁၁ ရက်မှာ စတင်လိုက်ပြီလို့ နေတိုးအဖွဲ့က ကြေညာခဲ့ပါတယ်။
ဂရင်းလန်းကျွန်းကို ရချင်တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ဆန္ဒကြောင့် နေတိုးအဖွဲ့အတွင်း ပြင်းထန်တဲ့တင်းမာမှုတွေကို လျှော့ချဖို့ သဘောတူညီချက်ရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။
အာတိတ်ကင်းသမားလို့ နာမည်ပေးထားတဲ့ စစ်ဆင်ရေးအသစ်ဟာ ဒိန်းမတ်နိုင်ငံရဲ့ ဂရင်းလန်းကျွန်းပေါ်မှာ အာတိတ်ခံနိုင်ရည်လို့ နာမည်ပေးထားတဲ့ လေ့ကျင့်ခန်းတွေအပါအဝင် ဒေသတွင်း နေတိုးမဟာမိတ်တွေရဲ့ စစ်ရေးတည်ရှိမှု တိုးမြှင့်လာရေးအတွက် ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ နေတိုးအဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး မာ့ခ် ရူတေးက ပြောပါတယ်။
“ဒီစစ်ဆင်ရေးက ကျနော်တို့ရဲ့ နယ်မြေကိုကာကွယ်ဖို့၊ အာတိတ်နဲ့ မြောက်ဘက်အစွန်အဖျားဒေသတွေ လုံခြုံနေစေဖို့ နေတိုး ရဲ့ အစွမ်းသတ္တိကို အသုံးချမယ်” လို့ ရူတေးက ပြောပါတယ်။
ဂရင်းလန်းအကျပ်အတည်း အထွတ်အထိပ်မှာ ထရမ့်ပ်နဲ့ ရူတေးတို့ဟာ ပြီးခဲ့တဲ့လက ဒါးဗို့စ်မြို့မှာ ဆွေးနွေးပြီးတဲ့နောက် နေတိုး က စစ်ဆင်ရေးအတွက် အစီအစဉ်တွေကို စတင်ခဲ့ပါတယ်။
အမေရိကန်က နေတိုးမဟာမိတ် ဒိန်းမတ်ရဲ့ အစိတ်အပိုင်းဖြစ်တဲ့ နယ်မြေကို ပိုင်ဆိုင်ရမယ်ဆိုတဲ့ ထရမ့်ပ်ရဲ့ အခိုင်အမာပြောဆိုမှုကြောင့် ဒီစစ်ဆင်ရေး ဖြစ်လာခဲ့တာပါ။
အာတိတ်ဒေသကို ကာကွယ်ရာမှာ NATO က ပိုကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်မှာဖြစ်ပြီး ဒိန်းမတ်၊ အမေရိကန်နဲ့ ဂရင်းလန်းတို့က ဂရင်းလန်းကျွန်းနဲ့ ပတ်သက်ပြီး နောက်ထပ်ဆွေးနွေးသွားမယ်လို့ ရူတေနဲ့ ထရမ့်ပ်တို့ သဘောတူခဲ့ကြပါတယ်။
ဗြိတိသျှလက်နက်ကိုင်တပ်ဖွဲ့တွေဟာ နေတိုး ရဲ့ အာတိတ် ကင်းသမား စစ်ဆင်ရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါမယ်လို့ ဗြိတိသျှကာကွယ်ရေးဝန်ကြီး ဂျွန်ဟီလီက အစောပိုင်းမှာ ပြောခဲ့ပါတယ်။
ဗြိတိသျှအစိုးရကလည်း ယူကေဦးဆောင်တဲ့ ပူးတွဲစစ်ဆင်ရေးတပ်ဖွဲ့ JEF ရဲ့ လုံခြုံရေးမဟာမိတ်အဖွဲ့ဟာ ဟိုက်နော့သ်ဒေသမှာ အဓိကစစ်ရေးလှုပ်ရှားမှုတွေကို စီစဉ်ထားပြီး စက်တင်ဘာလထဲလုပ်မယ့် လေ့ကျင့်ခန်းမှာ အိုက်စလန်၊ ဒိန်းမတ်ရေလက်ကြားနဲ့ နော်ဝေးတလွှား ရာပေါင်းများစွာသော တပ်ဖွဲ့ဝင်တွေကို တပ်ချထားဖို့ စီစဉ်ထားတယ်လို့ ပြောခဲ့ပါတယ်။
ပူးတွဲစစ်ဆင်ရေးတပ်ဖွဲ့ JEF မှာ ဒိန်းမတ်၊ အက်စ်တိုးနီးယား၊ ဖင်လန်၊ အိုက်စလန်၊ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ နယ်သာလန်၊ နော်ဝေး၊ ဆွီဒင်နဲ့ ယူနိုက်တက်ကင်းဒမ်းတို့ ပါဝင်နေပါတယ်။
Photo:Reuters











