DVB Logo
Home
မြန်မာသတင်း
နတ်တလင်းတွင် စစ်ရှောင်များနေထိုင်သည့် PDF စခန်းဟောင်း ဗုံးကြဲခံရပြီး အမျိုးသမီး ၁ ဦးသေဆုံး
DVB
·
February 12, 2026
နတ်တလင်းတွင် စစ်ရှောင်များနေထိုင်သည့် PDF စခန်းဟောင်း ဗုံးကြဲခံရပြီး အမျိုးသမီး ၁ ဦးသေဆုံး
Donate to DVB

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်ထဲမှာရှိတဲ့ စစ်ဘေးရှောင်တွေ ယာယီနေထိုင်နေတဲ့ PDF တပ်စခန်းဟောင်းတခုကို ဖေဖော်ဝါရီ ၁၁ ရက် မနက် ၁ နာရီဝန်းကျင်မှာ စစ်တပ်က ဗုံးကြဲချခဲ့တာကြောင့် ဒေသခံအမျိုးသမီးတယောက် သေဆုံးကာ မိသားစုဝင်တွေလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

ဒေသခံတယောက်က “နတ်တလင်းရဲ့အရှေ့ဘက် ကျောက်ပြုတ်ရွာနားကို စစ်တပ်က တိုက်လေယာဥ်နဲ့ ဗုံးကြဲသွားလို့ မိသားစုဝင် ၃ ယောက်မှာ တယောက်ဆုံးပြီးတော့ ၂ ယောက် ဒဏ်ရာရထားပါတယ်” လို့ ပြောပါတယ်။

စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း အသက် ၃၀ ကျော် မအေးအေးတိုးဟာ နေရာမှာတင် သေဆုံးသွားပြီး သူ့ရဲ့ခင်ပွန်းဖြစ်တဲ့ အသက် ၃၅ နှစ်ဝန်းကျင် အမျိုးသားနဲ့ အသက် ၁၀ နှစ်အရွယ် သားဖြစ်သူတို့ ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့ကြကာ အဆောက်အအုံတချို့လည်း ထိခိုက်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

သာယာဝတီခရိုင် တော်လှန်ရေးတပ်ရင်းတခုရဲ့ တာဝန်ရှိသူတယောက်က “ဖိုက်တာတစီးတည်းက ကျောက်ပြုတ်ရွာနားနဲ့ ဆင်ဝိုင်းရွာနားတွေကို ဗုံး ၂ လုံးစီ ကြဲသွားတာ။ ဆင်ဝိုင်းရွာဘက်က အထိအခိုက်ရှိတယ် မကြားမိသေးဘူး။ ကျောက်ပြုတ်ရွာနားကတော့ အရင်တုန်းက ​တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိုင်ချခဲ့ဖူးတဲ့ စခန်းဟောင်းကို အကြဲခံရတာ။ အဲဒီနေရာမှာက ရဲဘော်တွေ မနေတော့​တာ ကြာလို့ စစ်ရှောင်မိသားစု ယာယီနေထိုင်နေကြတာလို့ သိရတယ်။ အခု ထိခိုက်သေဆုံးသွားကြတဲ့ မိသားစုကလည်း ကျောက်ပြုတ်ရွာထဲကနေ စစ်ရှောင်ရင်း အဲဒီမှာနေတာ ၂ လလောက် ရှိနေပြီ။ ဗုံးကြဲခံရတာကလည်း ညသန်းခေါင် အိပ်မောကျတဲ့အချိန်ဆိုတော့ ရှောင်တိမ်းချိန် မရလိုက်ဘူးလို့ သိရတယ်ဗျ” လို့ DVB ကို ပြောပါတယ်။

နတ်တလင်းမြို့နယ် အရှေ့ခြမ်းက ဒမငယ်ကျေးရွာနဲ့ ငုတ်တိုကျေးရွာတွေမှာ အထိုင်ချ တပ်စွဲနေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီ ၁၁ ရက် ညနေ ၆ နာရီဝန်းကျင်မှာလည်း နတ်တလင်းမြို့နယ်ထဲက ကွက်သစ်ကျေးရွာကို ဝင်ရောက်ကာ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ညပိုင်းအထိ စစ်တပ်စစ်ကြောင်း ရှိနေသေးတာကြောင့် မီးလောင်ပျက်စီးတဲ့ ပမာဏကို အတည်မပြုနိုင်သေးဘူးလို့လည်း သူက ဆက်ပြောပါတယ်။

နတ်တလင်းမြို့နယ် အရှေ့ဘက်ခြမ်းမှာ အခု ဖေဖော်ဝါရီလဆန်းပိုင်းက စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး အခုရက်ပိုင်း တိုက်ပွဲတွေ ငြိမ်သက်နေပေမဲ့ စစ်ကောင်စီတပ်ရဲ့ မြေပြင်စစ်ကြောင်းတွေက ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေနဲ့ လေကြောင်းတိုက်ခိုက်တာတွေ တောက်လျှောက်လုပ်ဆောင်နေတာကြောင့် ပြည်သူတွေအနေနဲ့ သတိနဲ့ နေထိုင်သွားလာကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်က တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်ကလည်း နတ်​တလင်းမြို့နယ် အရှေ့ခြမ်းက ငုတ်တိုကျေးရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ဒရုန်းနဲ့ ဗုံးကြဲခံရတာကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၆ ယောက် ကျဆုံးခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013