
ကမ္ဘာတဝန်းက လူတွေကို ပစ်မှတ်ထားပြီး ဒေါ်လာဘီလီယံချီတန်တဲ့ အွန်လိုင်း လိမ်လည်မှုလုပ်ငန်းတွေကို ကိုင်တွယ်ဖြေရှင်းနေတာ ပြဖို့ ကမ္ဘောဒီးယားအာဏာပိုင်တွေက စင်တာတခုဆီ ရှားရှားပါးပါး ဝင်ရောက်ခွင့်ပေးခဲ့ပါတယ်။
ကမ္ဘောဒီးယားအစိုးရဟာ မကြာသေးမီ သီတင်းပတ်တွေအတွင်း လိမ်လည်မှုစင်တာ ၂၀၀ နီးပါးကို ပိတ်ပစ်ခဲ့တယ်လို့ အကြီးတန်းအစိုးရအရာရှိတယောက်က ပြောခဲ့ပါတယ်။
“အခု ပိတ်ထားတဲ့နေရာ ၁၉၀ လောက်ရှိတယ်” လို့ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ အတွင်းရေးမှူးချုပ်နဲ့ ကမ္ဘောဒီးယား အကြီးတန်းဝန်ကြီး ချေစင်နာရစ်က ပြောပါတယ်။
ဗီယက်နမ်နယ်စပ်နား ကမ်ပေါ့ပြည်နယ်က ကျယ်ပြန့်ရှုပ်ထွေးတဲ့ အဆောက်အအုံတခုဆီ သွားမလည်မီ အခုအပတ် ဖနွမ်းပင်မြို့တော်မှာ ရိုက်တာသတင်းဌာနကို သူက ပြောခဲ့တာပါ။
အမေရိကန်က တရားစွဲဆိုပြီး တရုတ်မှာ မွေးတယ်လို့ စွပ်စွဲခံရတဲ့ လိမ်လည်မှု ဗဟိုချက်က ရာဇဝတ်သားတယောက်ကို တရုတ်နိုင်ငံက လွှဲပေးလိုက်ရပြီးတဲ့နောက် ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းက စတင်ခဲ့တဲ့ နိုင်ငံတကာ လှုပ်ရှားမှုအတွင်း လူလိမ်စင်တာတွေနဲ့ ဆက်စပ်နေတဲ့ အကြီးတန်းရာဇ၀တ်သား ၁၇၃ ယောက်ကို ဖမ်းဆီးခဲ့ပြီး အလုပ်သမား ၁၁,၀၀၀ ကို နှင်ထုတ်ခဲ့တယ်လို့လည်း ချေ စင်နာရစ်က ပြောပါတယ်။
အဲဒီအချိန်ကစပြီး လူကုန်ကူးခံရသူတချို့ အပါအဝင် လူလိမ်အလုပ်သမား ထောင်ပေါင်းများစွာဟာ ရက်စက်ကြမ်းကြုတ်တဲ့ အခြေအနေတွေထဲမှာ ပိတ်လှောင်ခံထားရပြီး မကြာသေးမီ သီတင်းပတ်တွေအတွင်း နေရပ်ပြန်ဖို့ ကြိုးစားရင်း ခြံဝင်းတွေထဲကနေ ထွက်ပြေးခဲ့ကြပါတယ်။
ဒီဖြစ်ရပ်ကို နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က “လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်း” လို့ ခေါ်ဆိုခဲ့ပါတယ်။
ကမ်ပေါ့ခြံဝင်းထဲမှာ ကွန်ပျူတာစခန်းတွေ၊ ထိုင်းသားကောင်တွေကို လိမ်လည်နည်း ညွှန်ကြားထားတဲ့ စာရွက်စာတမ်းတွေ ပြည့်နေတဲ့ စားပွဲတွေရှိတဲ့ အလုပ်ခန်းကြီးတွေ၊ ဖုန်းခေါ်ဖို့ စတူဒီယိုခန်းတွေနဲ့ အိန္ဒိယရဲစခန်းအတု တခုကို သတင်းထောက်တွေကို ပြသခဲ့ပါတယ်။ ဖနွမ်းပင်က အိန္ဒိယသံရုံးကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို ချက်ချင်းမတုံ့ပြန်ပါဘူး။
အာဏာပိုင်တွေက My Casino လို့ လူသိများတဲ့ ကမ်ပေါ့ လောင်းကစားရုံဝင်းအတွင်း အဖမ်းအဆီး မရှိဘူးလို့ ပြောခဲ့ပါတယ်။
ပိုင်ရှင်နဲ့ ဩဇာကြီးတဲ့ သူဌေးကြီး လီကွန်ကို ဖမ်းပြီးတဲ့နောက် အလုပ်သမားတွေ ထွက်ပြေးခဲ့ကြပြီး ထွက်သွားသူတွေကို ဖမ်းဖို့ လူအင်အားမရှိဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ကမ္ဘောဒီးယားဟာ နိုင်ငံအတွင်း လိမ်လည်တဲ့ ခြံဝင်းတွေ ရှိနေတာကို အချိန်အကြာကြီး လျစ်လျူရှုခဲ့ပြီး အရင်နှိမ်နင်းမှုတွေက ပျံ့နှံ့မှုကို ရပ်ဖို့ နည်းနည်းသာ လုပ်ဆောင်နိုင်ခဲ့တာပါ။
နောက်ဆုံးလှုပ်ရှားမှုက ပိုကျယ်ပြန့်တဲ့ အတိုင်းအတာရှိပြီး ခြံဝင်းတွေကို ပိတ်ဖို့နဲ့ အကြီးတန်း ပုဂ္ဂိုလ်တွေကို ဖမ်းဖို့ အဓိကထားတယ်လို့ အရာရှိတွေက ပြောခဲ့ပါတယ်။
Source: Reuters











