DVB Logo
Home
Lead Story
မြန်မာစစ်တပ်၏ ရွေးကောက်ပွဲတွင် တရုတ် အနိုင်ရ 
DVB
·
February 11, 2026
မြန်မာစစ်တပ်၏ ရွေးကောက်ပွဲတွင် တရုတ် အနိုင်ရ 
Donate to DVB

မန္တလေး ကျောက်ဝိုင်း မြင်ကွင်း

ပြည်တွင်းစစ် မီးတောက်လောင်နေပေမဲ့ တရုတ်နဲ့ ကုန်သွယ်ရေးလမ်းကြောင်းပေါ်က မန္တလေး ကျောက်ဝိုင်းကြီးကတော့ အသက်ဝင် လှုပ်ရှားနေတုန်းပါပဲ။ ကချင်ပြည်နယ်ဘက်ကလာတဲ့ ကျောက်စိမ်းတွေကို မြန်မာပွဲစားတွေက ရောင်းချဖို့ တိုးဝှေ့နေကြသလို၊ တရုတ်ပွဲစားတွေကလည်း ဓာတ်မီးတွေထိုး၊ မှန်ဘီလူးတွေနဲ့ကြည့်ပြီး တန်ဖိုးဖြတ်နေကြပါတယ်။ တရုတ်ပွဲစား အများစုကတော့ ပစ္စည်းရတာနဲ့ တရုတ်ပြည်မကြီးက ဝယ်လက်တွေဆီကို တန်းပြီး Live လွှင့် ရောင်းချနေကြတာပါ။

အပေါ်ယံကြည့်ရင်တော့ စီးပွားရေးကောင်းနေသလို ထင်ရပေမဲ့ ကျောက်ကုန်သည်တွေကတော့ လက်ရှိကာလဟာ စီးပွားရေး ဂယောက်ဂယက် ဖြစ်နေတဲ့အချိန်လို့ ဝန်ခံကြပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်လာတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ကုန်သွယ်ရေး လမ်းကြောင်းကြီး ပြတ်တောက်နေသလို၊ ၂၀၂၅ မတ်လတုန်းက စစ်ကိုင်းဘက်မှာ လှုပ်ခတ်သွားတဲ့ ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ဒဏ်ကြောင့်လည်း သယ်ယူပို့ဆောင်ရေး အခက်အခဲတွေ ပိုဆိုးလာပါတယ်။

ရွေးကောက်ပွဲ၊ တရုတ်ရဲ့ သြဇာနဲ့ မဟာဗျူဟာ

ကျောက်ကုန်သည်တွေကတော့ ဇန်နဝါရီ ၂၅ ရက်နေ့မှာ ပြီးဆုံးတဲ့ တတိယအဆင့် ရွေးကောက်ပွဲကနေ လုံခြုံရေး အခြေအနေတွေ ပြန်ငြိမ်လာမလားလို့ မျှော်လင့်နေကြပါတယ်။ အထူးသဖြင့် တရုတ်အစိုးရက သူ့ရဲ့ သံတမန်ရေးရာ သြဇာကိုသုံးပြီး ငြိမ်းချမ်းရေးအတွက် အာမခံချက် ပေးနိုင်မလားဆိုတာ စောင့်ကြည့်နေကြတာပါ။

တကယ်တော့ ပေကျင်း (တရုတ်အစိုးရ)အတွက် မြန်မာပြည် တည်ငြိမ်ဖို့က သိပ်အရေးကြီးပါတယ်။ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဖြစ်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေ၊ ရခိုင်ပြည်နယ်က ရပ်တန့်နေတဲ့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းတွေ လုံခြုံဖို့အတွက် တည်ငြိမ်မှုကို လိုလားနေတာပါ။

အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျု (USIP) က မြန်မာ့အရေးကျွမ်းကျင်သူ ဂျေဆန်တာဝါ ကတော့  "တရုတ်က တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စစ်တပ်ကြားမှာ ဟန်ချက်ညီအောင် ကစားနေတာပါ။ စစ်တပ်ကို နိုင်ငံတကာ အသိုက်အဝန်း (အထူးသဖြင့် တရုတ်ဦးဆောင်တဲ့ အဖွဲ့အစည်းတွေ) ကြားမှာ တရားဝင်မှု ရှိလာစေချင်တယ်။ မင်းအောင်လှိုင်ဟာ မဟာဗျူဟာမြောက်သူ မဟုတ်ပေမဲ့ ပေကျင်းအတွက်တော့ လက်တွဲလုပ်လို့ရတဲ့သူလို့ မြင်ပုံရပါတယ်" လို့ သုံးသပ်ပါတယ်။

အတုအယောင် ရွေးကောက်ပွဲ

စစ်ကောင်စီက ကျင်းပတဲ့ ရွေးကောက်ပွဲကိုတော့ လွတ်လပ်ပြီး မျှတတဲ့ အခြေအနေမရှိတာကြောင့် နိုင်ငံတကာက ယုံကြည်မှု မရှိကြပါဘူး။ တိုင်းပြည်ရဲ့ နယ်မြေအများစုဟာ စစ်ကောင်စီ ထိန်းချုပ်မှုအောက်မှာ မရှိသလို၊ ပြည်သူ သန်းပေါင်းများစွာလည်း ပါဝင်ခွင့် မရကြပါဘူး။ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD ပါတီလည်း ဖျက်သိမ်းခံထားရပြီး ခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်လည်း ထောင်သွင်းအကျဉ်းချ ခံထားရပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် တွမ် အင်ဒရူးစ်ကတော့ ဇန်နဝါရီ ၂၄ ရက်နေ့ ပြောကြားရာမှာ ဒီရွေးကောက်ပွဲကို "အတုအယောင်" လို့ သတ်မှတ်ပြီး ကမ္ဘာကြီးအနေနဲ့ ငြင်းပယ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ "ဒါဟာ အရပ်ဝတ် ဝတ်ထားတဲ့ စစ်အုပ်ချုပ်ရေးပါပဲ" လို့ သူက ဆိုပါတယ်။

ဒါပေမဲ့ စစ်ကောင်စီကတော့ ရွေးကောက်ပွဲက အောင်မြင်မှုရနေပြီလို့ ကြေညာပါတယ်။ ဒါပေမဲ့ ရန်ကုန်လို မြို့ကြီးတွေမှာတောင် မဲလာပေးသူ နည်းပါးတာကို တွေ့ရပါတယ်။

တရုတ်ကတော့ ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီကို ကျောထောက်နောက်ခံ ပေးထားပါတယ်။ တရုတ် အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းကိုယ်တိုင် ရွေးကောက်ပွဲ လေ့လာရေး ခေါင်းဆောင်အဖြစ် နေပြည်တော်ကို လာရောက်ခဲ့ပြီး၊ ဒါဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ကြား ပူးပေါင်းဆောင်ရွက်မှု ရလဒ်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အလှည့်အပြောင်း (Turning Point)

အာဏာသိမ်းစ ၂၀၂၁ တုန်းက တရုတ်ဟာ စစ်ကောင်စီကို သိပ်မကြည်ခဲ့ပါဘူး။ အွန်လိုင်းငွေလိမ် ကျားဖြန့် လုပ်ငန်းတွေ ကိစ္စမှာ စစ်ကောင်စီက ထိထိရောက်ရောက် မနှိမ်နင်းတဲ့အတွက် ၂၀၂၃ “၁၀၂၇ စစ်ဆင်ရေး” မှာ ညီနောင်မဟာမိတ် ၃ ဖွဲ့ကို မီးစိမ်းပြခဲ့ဖူးပါတယ်။ ဒါပေမဲ့ ၂၀၂၄ နှစ်လယ်လောက်မှာ လားရှိုးမြို့ ကျဆုံးသွားပြီးနောက်ပိုင်းမှာတော့ တရုတ်ရဲ့ တွက်ချက်မှုတွေ ပြောင်းလဲသွားပါတယ်။

စစ်ကောင်စီ ပြိုလဲသွားရင် အနောက်အုပ်စု လိုလားတဲ့ NUG အစိုးရ တက်လာမှာကို တရုတ်က စိုးရိမ်လာပါတယ်။ နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ (ICG) က မြန်မာ့အရေး အကြံပေး ရစ်ချတ်ဟော်ဆေးက “စစ်ကောင်စီ ပြိုလဲသွားတာဟာ တရုတ်အတွက် ဖြစ်နိုင်ခြေရှိတဲ့ ရလဒ်တွေထဲက အဆိုးရွားဆုံးပါပဲ” လို့ သုံးသပ်ပါတယ်။

တရုတ်ရဲ့ ထောက်ခံမှု

ဒီနောက်ပိုင်းမှာတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကိုယ်တိုင် ၂၀၂၄ ဩဂုတ်လမှာ နေပြည်တော်ကို လာရောက်ခဲ့သလို၊ မင်းအောင်လှိုင်ကိုလည်း ကူမင်း ထိပ်သီးအစည်းအဝေးကို ဖိတ်ခေါ်ခဲ့ပါတယ်။ တရုတ်ဟာ စစ်ကောင်စီကို လေယာဉ်တွေ၊ လက်နက်တွေ ထောက်ပံ့သလို မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင်တွေကိုလည်း ဖိအားပေးပြီး ကိုးကန့်တပ်ဖွဲ့ MNDAA လို အဖွဲ့တွေကို အပစ်အခတ်ရပ်စဲရေးတွေ လုပ်ခိုင်းခဲ့ပါတယ်။

၂၀၂၅ မေလမှာတော့ မင်းအောင်လှိုင်ဟာ ရုရှားကို သွားရောက်ပြီး သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခွင့် ရခဲ့ပါတယ်။ နောက်ပိုင်းမှာ ပေကျင်း စစ်ရေးပြပွဲကို ဂုဏ်ထူးဆောင် ဧည့်သည်အဖြစ် ဖိတ်ကြားခံခဲ့ရပါတယ်။ တရုတ်ရဲ့ လမ်းဖွင့်ပေးမှုကြောင့် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီ အပါအဝင် ဒေသတွင်း ခေါင်းဆောင်တွေက စစ်ကောင်စီနဲ့ ပြန်လည် ထိတွေ့ဆက်ဆံလာကြပါတယ်။ အာဆီယံ အထူးကိုယ်စားလှယ် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုကလည်း နေပြည်တော်ကို လာရောက်ခဲ့ပါတယ်။

မြန်မာ့မြေရှားသတ္တုအပေါ် မှီခိုနေရမှု

တရုတ်ဟာ ကမ္ဘာ့မြေရှားသတ္တုထုတ်လုပ်မှုမှာ ထိပ်ဆုံးက ရှိနေပေမဲ့ လျှပ်စစ်ကားတွေ၊ လေရဟတ်တွေနဲ့ စစ်ဘက်ဆိုင်ရာ နည်းပညာတွေမှာ မရှိမဖြစ်လိုအပ်တဲ့ "လေးလံသော မြေရှားသတ္တု (Heavy Rare Earths)" တွေ (ဥပမာ - Dysprosium နဲ့ Terbium) အတွက်တော့ ပြည်တွင်းမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် အခက်အခဲ ရှိနေပါတယ်။

ဒါကြောင့် တရုတ်ဟာ မြန်မာပြည်က ထွက်တဲ့ သတ္တုသိုက်တွေကို အကြီးအကျယ် မှီခိုနေရပါတယ်။ တရုတ်ရဲ့ မြေရှားသတ္တု တင်သွင်းမှု ထက်ဝက်ကျော်ဟာ မြန်မာပြည်က လာတာဖြစ်ပြီး ၂၀၂၃ လိုနှစ်မျိုးမှာဆိုရင် ၉၀ ရာခိုင်နှုန်းအထိတောင် ရှိခဲ့ပါတယ်။ ဒီသတ္တုတွေဟာလည်း ကျောက်စိမ်းလိုပဲ ကချင်နဲ့ ရှမ်းပြည်နယ်က လက်နက်ကိုင် ပဋိပက္ခ ဒေသတွေကနေ ထွက်ရှိတာ ဖြစ်ပါတယ်။

နိဂုံး

မန္တလေး ကျောက်ဝိုင်းက ကုန်သည်တွေကတော့ ရွေးကောက်ပွဲအပေါ် သတိထားပြီး မျှော်လင့်နေကြပါတယ်။ ဒါပေမဲ့ ဟဲနန်ပြည်နယ်က လာတဲ့ ကျောက်ကုန်သည် မစ္စတာ ရွှယ်ရဲ့ ပြောပြချက်အရ လက်ရှိအချိန်မှာ သူတို့အတွက် အကြီးမားဆုံး ပြဿနာကတော့ မြန်မာပြည်တွင်းက အခြေအနေထက် တရုတ်ပြည်မကြီးရဲ့ စီးပွားရေး ကျဆင်းနေတာပါပဲ။ တရုတ်ဝယ်လက်တွေရဲ့ ဝယ်လိုအား ကျဆင်းလာတာက ဈေးကွက်ကို အဓိက ထိခိုက်စေတယ်လို့ ဆိုပါတယ်။

 ဖိလစ်ဝမ်

Ref: The Straits Times 

(စင်ကာပူအခြေစိုက် The Straits Times  သတင်းစာဝက်ဆိုက်တွင် Philip Wen ရေးသားထားသည့် “The real winner behind Myanmar’s junta-held elections could be China” ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013