
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နဲ့ မောင်တောမြို့နယ်တို့မှာ စစ်ကောင်စီထောင်ထားခဲ့တဲ့ စစ်ကျန်မိုင်း ပေါက်ကွဲပြီး ဒေသခံ အမျိုးသမီးတယောက် အပါအဝင် ၃ ယောက် ပြင်းထန်ဒဏ်ရာ ရရှိသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အမ်းမြို့နယ်၊ ပြောင်းချောင်းရွာသား ဦးမောင်လုံး (၅၇ နှစ်) နဲ့ ဇနီးဖြစ်သူ ဒေါ် ကေးကေး (၄၈ နှစ်) တို့ဟာ ရွာရဲ့ အနောက်ဘက်ရှိ သူတို့ပိုင်ဆိုင်တဲ့ ဥယျာဉ်ခြံအတွင်း မြက်ရိတ်စက်နဲ့ ပေါင်းပင်တွေကို ရှင်းလင်းနေစဉ် စစ်ကျန်မိုင်းတလုံးကို မြက်ရိတ်စက်နဲ့ တိုက်မိရာက ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“အဲဒီနေ့က သူတို့လင်မယား မနက် ၉ နာရီကျော်က ဥယျာဉ်ခြံမှာ မြက်ရိတ်နေတာပါ။ အဲဒီ မြက်ရိတ်စက်မောင်းတံနဲ့ တိုက်မိလို့ ပေါက်ကွဲသွားတာပါ။”
ဖေဖော်ဝါရီ ၈ ရက် မနက် ၉ နာရီကျော်က အဆိုပါမိုင်းပေါက်ကွဲမှုကြောင့် ဦးမောင်လုံးမှာ ဘယ်ဘက်လက်မောင်းနဲ့ ညာဘက်ပေါင်တို့ ဒဏ်ရာတချက်စီ ရရှိခဲ့ပြီး ဇနီးဖြစ်သူ ဒေါ်ကေးကေးလည်း ဘယ်ဘက်ခြေထောက်မှာ ဒဏ်ရာ ၄ ချက်၊ ညာဘက်ခြေထောက်မှာ ဒဏ်ရာတချက် ရရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
အလားတူ မောင်တောမြို့အနီးက အီတာလီယာကျေးရွာမှာ ဖေဖော်ဝါရီ ၈ ရက် ညနေ ၃ နာရီခန့်က ကျေးရွာအနီး ကလေးတွေ ဘောလုံးကစားနေစဉ် စစ်ကောင်စီထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းတလုံး ရရှိခဲ့ကြပြီး ထုခွဲကြည့်ရာကနေ ပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ်တယောက် ပြင်းထန်ဒဏ်ရာ ရရှိသွားတယ်လို့ မောင်တောဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“ရွာနားမှာပဲ ညနေဘက် ကလေးတွေ ကစားနေကြတာ၊ အဲဒီ ကစားနေတဲ့ ပတ်ဝန်းကျင်က ရခဲ့တဲ့ မိုင်းကို သူ ထုကြည့်တယ်၊ အဲဒီမှာပဲ ကွဲသွားပြီး ဒဏ်ရာရသွားတာပါ။”
စစ်ကျန် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် အီတာလီယာကျေးရွာက ဦးကော်တီမူလာရဲ့သား အသက် ၇ နှစ်အရွယ် နူရ်ဟာဆိန်းမှာ မိုင်းစထိမှန်ကာ ဘယ်ဘက်မျက်စိကန်းသွားပြီး ဘယ်ဘက်ဒူးမှာလည်း ပြင်းထန်ဒဏ်ရာရရှိကာ ညာဘက်လက်ချောင်း ၂ ချောင်း ပြတ်ထွက်သွားတယ်လို့ သူက ပြောပါတယ်။
စစ်ကျန်မိုင်း ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသွားတဲ့ ဒေသခံလူနာတွေကို အာရက္ခတပ်တော် ဒေသဆိုင်ရာ ကျန်းမာရေးဌာနက အရေးပေါ် ဆေးကုသမှု ပေးထားတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၁၉ ရက် ညနေ ၄ နာရီခွဲကလည်း အမ်းမြို့နယ်၊ အောက်ရွာ(ဆီဆိုင်ကုန်း) ကျေးရွာမှာ စစ်ကျန်ဗုံးသီးတလုံး ပေါက်ကွဲခဲ့ရာ အသက် ၈ နှစ်အရွယ် ကလေးငယ်တယောက် သေဆုံးခဲ့ပါတယ်။
ရခိုင်မှာ အာရက္ခတပ်တော်က သိမ်းပိုက်ထားတဲ့ မြို့နယ်တချို့မှာ စစ်ကျန်လက်နက်တွေ၊ မြေမြှုပ်မိုင်းတွေ ဆက်လက်ရှိနေတဲ့အတွက် တောတောင်၊ ဥယျာဉ်ခြံမြေကို အဓိကလုပ်စားနေရတဲ့ ဒေသခံတွေကြား စိုးရိမ်နေကြပြီး အာရက္ခတပ်တော်ဘက်ကလည်း စစ်ကျန်မိုင်းတွေကို ဆက်လက်ရှာဖွေ ရှင်းလင်းနေတယ်လို့ သိရပါတယ်။











