
လိင်မှုဆိုင်ရာပြစ်မှုတွေနဲ့ နာမည်ဆိုးထွက် အပြစ်ချမှတ်ခံခဲ့ရတဲ့ ဂျက်ဖရီအက်ပ်စတိန်းနဲ့ ပတ်သက်တဲ့ နောက်ထပ် လျှို့ဝှက်စာရွက်စာတမ်းအသစ်တွေ ထွက်ပေါ်လာပြီးနောက်မှာ ဥရောပနိုင်ငံအတော်များများက ထိပ်တန်းနိုင်ငံရေးသမားတွေဟာ ရာထူးကနေ အသီးသီး နုတ်ထွက်နေကြပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာရဲ့ ဆက်သွယ်ရေးဒါရိုက်တာ တင်မ်အယ်လန်ကတော့ အမှတ် ၁၀ ဒေါင်းနင်းလမ်းမှာ အဖွဲ့သစ်တဖွဲ့ တည်ဆောက်နိုင်ဖို့ ရာထူးမှနုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၀ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အယ်လန်ဟာ ၂၀၂၅ ခုနှစ် စက်တင်ဘာလမှာ အဲဒီရာထူးကို တာဝန်ယူခဲ့ပြီး တာဝန်ထမ်း ဆောင်ခဲ့တာ ၅ လ လောက်သာ ရှိပါသေးတယ်။
ဒါ့အပြင် ဝန်ကြီးချုပ် စတာမာရဲ့ အဓိကလက်ရုံးဖြစ်တဲ့ ဝန်ထမ်းအကြီးအကဲ မော်ဂန် မက်ဆွီးနီ ဟာလည်း အက်ပ်စတိန်းနဲ့ နီးစပ်တဲ့ ဆက်ဆံရေးရှိခဲ့သူ ပီတာ မန်ဒယ်လ်ဆန်ကို အမေရိကန်သံအမတ်အဖြစ် ခန့်အပ်ခဲ့တဲ့အပေါ် အငြင်းပွားမှုတွေ ဖြစ်ပွားခဲ့ပြီးနောက်မှာ တာဝန်ယူတဲ့အနေနဲ့ ဖေဖော်ဝါရီ ၉ ရက်က နုတ်ထွက်သွားခဲ့ပါတယ်။
မန်ဒယ်လ်ဆန်ဟာလည်း အက်ပ်စတိုင်းန် ဖိုင်တွေကြောင့် လွန်ခဲ့တဲ့ ၅ လကပဲ သံအမတ် ရာထူးကနေ ဖယ်ရှားခံခဲ့ရတာ ဖြစ်ပါတယ်။
နော်ဝေနိုင်ငံရဲ့ ဂျော်ဒန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး မိုနာယူးလ်ဟာ အက်ပ်စတိုင်းန်နဲ့ အဆက်အသွယ် ရှိခဲ့တာ ပေါ်ပေါက်လာခဲ့ပြီးနောက် ရာထူးကနေ နုတ်ထွက်သွားပါတယ်။
မိုနာယူးလ် နုတ်ထွက်မှုအပြီးမှာလည်း နော်ဝေအာဏာပိုင်တွေဟာ သူ့ရဲ့အတွင်းရေး အချက်အလက် ရှာဖွေမှုကို ဆက်လုပ်ဆောင်သွားမှာဖြစ်ပြီး အထူးသဖြင့် တာဝန် ထမ်းဆောင်နေတဲ့ အစိုးရဝန်ထမ်းတွေနဲ့ အရာရှိတွေအတွက် သက်ဆိုင်တဲ့ စည်းမျဉ်းတွေကို အထူးစစ်ဆေးသွားမယ်လို့လည်း ဝန်ကြီးဌာနက ပြောပါတယ်။
တချိန်တည်းမှာပဲ ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ ဥက္ကဋ္ဌနဲ့ နော်ဝေနိုင်ငံခြားရေးဝန်ကြီးဟောင်း ဘော့ယေ ဘရန်းဒဲနဲ့ နော်ဝေဝန်ကြီးချုပ်ဟောင်း ထော့ဘ်ဗျူးန် ယာ့ဂ်လန်းတို့လည်း ဒီအမှုမှာ ပါဝင် ပတ်သက်နေတာကို တွေ့ရှိခဲ့ပြီး နော်ဝေဝန်ကြီးချုပ်ဟောင်း ယာ့ဂ်လန်းကိုလည်း အက်ပ်စတိုင်းန် ဖိုင်တွေထဲက အချက်အလက်တွေအရ အဂတိလိုက်စားမှု သံသယနဲ့ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့ ပြောပါတယ်။
ပြင်သစ်ယဉ်ကျေးမှုဝန်ကြီးဟောင်း ယက်ခ်လွန်းဟာ အက်စတိန်းအမှုနဲ့ ဆက်နွှယ်တဲ့ အငြင်းပွားမှု တွေကြောင့် ပါရီအခြေစိုက် ယဉ်ကျေးမှုနဲ့ ပညာရေးအဖွဲ့အစည်းတခုဖြစ်တဲ့ အာရပ် ကမ္ဘာအဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌအဖြစ်မှ ရာထူးကနေ နုတ်ထွက်ပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။
ပြင်သစ်အစိုးရရှေ့နေတွေကတော့ ယက်ခ်လွန်းနဲ့ သူ့ရဲ့ သမီးဖြစ်သူတို့အပေါ် အခွန်ရှောင်မှုနဲ့ ငွေကြေးခဝါချမှု သံသယတွေနဲ့ သောကြာနေ့မှာ စုံစမ်းစစ်ဆေးမှုတွေ စတင်ပြုလုပ်နေပါတယ်။
အမေရိကန် တရားရေးဝန်ကြီးဌာနဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်က စာမျက်နှာ ၃ သန်းခွဲနီးပါးရှိတဲ့ အက်ပ်စတိုင်းန် ဖိုင်တွေကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဗီဒီယိုနဲ့ ဓာတ်ပုံအထောက်အထား ထောင်ပေါင်းများစွာ ပါဝင်လာပါပြီ။
ဧရာမဖိုင်အစုအဝေးကြီးတွေ ပေါ်ပေါက်လာမှုကနေ အက်ပ်စတိန်းရဲ့ နိုင်ငံရေးဆက်နွှယ်မှုတွေ အပေါ် စုံစမ်းစစ်ဆေးမှုတွေ ပိုမို ပြင်းထန်လာနေပြီး နိုင်ငံအများအပြားမှာ နိုင်ငံရေးဖိအားတွေ ပြန်လည် ပေါ်ပေါက်လာခဲ့ပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာ့ဗ်ရို့ဗ်ကတော့ ဒီဖိုင်တွေဟာ အနောက်နိုင်ငံက ထိပ်တန်း လူကုံထံတွေရဲ့ သဘာဝအမှန်ကို ဖော်ထုတ်လိုက်တာဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။
Source:Reuters











