
ရခိုင်နဲ့ မကွေးကိုဆက်သွယ်ထားတဲ့ အမ်း-ပဒါန်းလမ်းသစ်ကနေ ထိုးစစ်ဆင်လာတဲ့ စစ်အာဏာရှင်တပ်ရဲ့ စစ်ကြောင်းကို အာရက္ခတပ်တော် (AA)က ကြားဖြတ်တိုက်ခိုက်လို့ အယောက် ၅၀ ထက်မနည်းသေဆုံးပြီး အများပြားဒဏ်ရာရသွားတယ်လို့ သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
အမ်းနဲ့ ပဒါန်းကိုသွားရာလမ်း လမ်းသစ်ဖြစ်တဲ့ ဂုတ်ကြီးကနေ ထိုးစစ်ဆင်လာတဲ့ စစ်အာဏာရှင်တပ်ရဲ့ အင်အား ၂၀၀ ဝန်းကျင်ပါ စစ်ကြောင်းဟာ ဩဂုတ် ၁၆ ရက် နေ့လယ်မှာ AAရဲ့ ကြားဖြတ်တိုက်ခိုက်တာကိုခံရလို့ အစုလိုက်အပြုံလိုက် သေဆုံးဒဏ်ရာရသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
"ဂုတ်ကြီးကနေ အင်အား ၂၀၀ ဝန်းကျင်နဲ့ ထိုးစစ်ဆင်လာတာ။ AA ကလည်း ကြားဖြတ်တိုက်လိုက်လို့ အစုအပြုံလိုက်သေပြီး ဒဏ်ရာသွားကြတယ်။ အနည်းဆုံး ၅၀ ကျော် လောက်ရှိမယ်ထင်တယ်။"
သေဆုံးသွားတဲ့ စစ်အာဏာရှင်တပ်ဖွဲ့ဝင် ရုပ်အလောင်းနဲ့ လက်နက်ခဲယမ်းတချို့ကို အာရက္ခတပ်တော်က သိမ်းဆည်းရမိပြီး ကျန်တချို့ကို လက်နက်ကြီးပစ်ကူ၊ ဂျက်လေယာဉ် ပစ်ကူ၊ မြေပြင်စစ်ကြောင်းပစ်ကူနဲ့ သယ်ထုတ်သွားတယ်လို့ သိရပါတယ်။
ဒဏ်ရာရတဲ့သူတွေနဲ့ သေဆုံးသွားတဲ့ စစ်အာဏာရှင်တပ်သားတွေကို ပဒါန်းမြို့ ၊ မစခ (၉၀၅) ဆုံ ကုန်းအမြောက်တပ်ဆီကို စစ်ကား ၂ စီးနဲ့ မနေ့ညနေပိုင်းမှာ ပို့ဆောင်လိုက်တယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
"ကား ၂ စီးလုံးမှာအပြည့်ပဲ သေတဲ့သူရော ဒဏ်ရာရသူတွေရော။ အကုန်ပါတယ်။ ကားကိုတော့ အလုံပိတ်ထားတယ်။ ဆုံကုန်းတပ်ထဲဝင်သွားတယ်။”
ဩဂုတ်လအတွင်းမှာ နတ်ရေကန်မှာ တိုက်ပွဲပြင်းပြင်းထန်ထန်မရှိပေမဲ့ စစ်အာဏာရှင်တပ်ဘက်က ဂျက်တိုက်လေယာဉ်အုပ်စုလိုက်နဲ့ နေ့ရောညပါ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်အာဏာရှင်တပ်ဟာ နေ့စဉ်ဆိုသလို AA ထိန်းချုပ်နယ်မြေကို ရှေ့တိုးလာနေပြီး AA ကလည်း ဒရုန်း ၊လက်နက်ကြီးတွေနဲ့ ပြန်ပြီး ပစ်ခတ်တိုက်ခိုက်နေပါတယ်။
အင်အားထောင်ချီဖြည့်တင်းထားတဲ့ စစ်အာဏာာရှင်တပ်ဟာ လမ်းဟောင်းပဇီနဲ့ လမ်းသစ်ဂုတ်ကြီးကို ကျော်မရောက်နိုင်ဘဲ အာရက္ခတပ်တော်ရဲ့ တိုက်ခိုက်မှုအောက်မှာ အကျဆုံးနဲ့ သာရင်ဆိုင်နေရပါတယ်။
Photo: CJ/ AA











