
အမေရိကန် လိင်ပိုင်းဆိုင်ရာ ရာဇဝတ်ကောင် ဂျက်ဖရီ အက်ပ်စတိန်းရဲ့ ကြံရာပါဖြစ်သူ ဂီလိန်း မာ့ခ်စ်ဝဲလ်ဟာ အမေရိကန် အောက်လွှတ်တော်ရဲ့ ကြီးကြပ်မှုနဲ့ အစိုးရပြုပြင်ပြောင်းလဲရေး ကော်မတီရှေ့မှောက်မှာ သက်သေခံစစ်မေးမှုအတွင်း မေးခွန်းတွေကို ဖြေဆိုဖို့ ငြင်းဆိုခဲ့ကြောင်း ဥပဒေပြု လွှတ်တော်အမတ်တွေက ပြောကြားခဲ့ပါတယ်။
ဂီလိန်း မာ့ခ်စ်ဝဲလ်ရဲ့ လုပ်ရပ်အပေါ် ဒီမိုကရက်တစ်နဲ့ ရီပတ်ဘလစ်ကန် နှစ်ဖက်စလုံးက လွှတ်တော်အမတ်တွေ ဝေဖန်ခဲ့ကြပြီး ကော်မတီဥက္ကဋ္ဌ ဂျိမ်းစ် ကမ်းမားက ဂီလိန်း မာ့ခ်စ်ဝဲလ်ရဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့အပေါ် စိတ်ပျက်မိကြောင်းနဲ့ အက်ပ်စတိန်းရဲ့ ကွန်ရက်မှာ ပတ်သက်နေသူတွေကို ဆက်လက်ဖော်ထုတ်သွားမယ်လို့ ပြောပါတယ်။
ဂီလိန်း မာ့ခ်စ်ဝဲလ်ဟာ ကွယ်လွန်သူ အက်ပ်စတိန်းဟာ အသက်မပြည့်၊ အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုလုပ်ရာမှာ ကူညီပံ့ပိုးခဲ့မှုနဲ့ ၂၀၂၁ ခုနှစ်မှာ အပြစ်ရှိကြောင်း စီရင်ခံရပြီး လက်ရှိမှာ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံထားရပါတယ်။
သူဟာ အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် အမှတ် ၅ ပါ မိမိကိုယ်ကို အပြစ်ဖြစ်စေမဲ့ ထွက်ဆိုချက်မျိုး မပေးဘဲ နေနိုင်ခွင့်ကို အသုံးပြုကာ အရေးပါတဲ့ မေးခွန်းတွေအားလုံးကို ဖြေဆိုဖို့ ငြင်းဆန်ခဲ့တာပါ။
ဂီလိန်း မာ့ခ်စ်ဝဲလ်ဟာ သမ္မတ ဒေါ်နယ်ထရမ့်ပ် ဆီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ရမယ်ဆိုရင်တော့ အမှန်တရားအားလုံးကို ပွင့်ပွင့်လင်းလင်း ဖြေဆိုဖို့ အသင့်ရှိကြောင်း မာ့ခ်စ်ဝဲလ်ရဲ့ ရှေ့နေ ဒေးဗစ် မားကပ်စ်က ပြောကြားခဲ့ပြီး သူ့ရဲ့ တရားစီရင်ခံရမှုဟာ မတရားသဖြင့် စီရင်ခံထားရတာ ဖြစ်ကြောင်း ရှေ့နေက ပြောပါတယ်။
ဒီမိုကရက်တစ်ပါတီဝင် ကော်မတီအမတ်တွေကတော့ မာ့ခ်စ်ဝဲလ်ဟာ သက်သေခံမေးမြန်းမှုကို အသုံးချကာ သမ္မတ ဒေါ်နယ်ထရမ့်ပ်ဆီက သက်ညှာမှုရရှိအောင် စည်းရုံးနေတာလို့ စွပ်စွဲထားပြီး ဒါမျိုးကို ခွင့်လွှတ်လို့မရဘူးဆိုတာကို ထရမ့်ပ်က ရှင်းရှင်းလင်းလင်း ငြင်းပယ်ဖို့လည်း တောင်းဆိုခဲ့ပါတယ်။
အမေရိကန် တရားရေးဌာနဟာ ကွယ်လွန်သူ အက်ပ်စတိန်းနဲ့ သက်ဆိုင်တဲ့ အတွင်းရေး စာရွက်စာတမ်း သန်းပေါင်းများစွာကို ထုတ်ပြန်ပြီးနောက်မှာ ဂီလိန်း မာ့ခ်စ်ဝဲလ်ကို စစ်မေးမှု လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ထုတ်ပြန်ခဲ့တဲ့ စာရွက်စာတမ်းတွေမှာ မျက်နှာတွေကို ဖုံးကွယ်တည်းဖြတ်ထားတဲ့ အမျိုးသမီးတချို့နဲ့အတူ ထရမ့်ပ်နဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေလည်း ပါဝင်နေတာပါ။
ထရမ့်ပ်ကတော့ အက်ပ်စတိန်းနဲ့ ဆက်ဆံရေးက ၂၀၀၀ ခုနှစ် အစောပိုင်းမှာ ပြတ်တောက်ခဲ့ပြီး အဲဒီမှတ်စုမှာ အတုဖြစ်ကြောင်းနဲ့ အက်ပ်စတိန်းရဲ့ ရာဇဝတ်မှုတွေကို မသိရှိထားကြောင်း ငြင်းဆိုခဲ့ပါတယ်။
Source: Reuters











