DVB Logo
Home
မြန်မာသတင်း
ICJ အမှုကို “ခြင်္သေ့က သားကောင်လိုက်သကဲ့သို့” ဆောင်ရွက်ခဲ့ဟု စစ်ခေါင်းဆောင် ချီးကျူး
DVB
·
February 9, 2026
ICJ အမှုကို “ခြင်္သေ့က သားကောင်လိုက်သကဲ့သို့” ဆောင်ရွက်ခဲ့ဟု စစ်ခေါင်းဆောင် ချီးကျူး
Donate to DVB

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှု နဲ့ တရားစွဲဆိုထားတဲ့အမှုကို သွားရောက်ရင်ဆိုင်ပြီး ပြန်လာတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို စစ်ခေါင်းဆောင်က ဂုဏ်ပြုညစာစားပွဲနဲ့ တည်ခင်းပြီး ချီးကျူးခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ လက်အောက်ခံအဖွဲ့အစည်းဖြစ်တဲ့ ICJ အနေနဲ့ ဘယ်လိုရည်ရွယ်ချက် ရှိသည်ဖြစ်စေ မြန်မာကိုယ်စားလှယ်အဖွဲ့ အနေနဲ့ ဒီအမှုကိစ္စနဲ့ပတ်သက်လို့ ကိစ္စကြီးငယ် မခွဲခြားဘဲ မဆုတ်မနစ် ဇွဲလုံ့လနဲ့ (ခြင်္သေ့က သားကောင်ကိုလိုက်တဲ့ ဥပမာကဲ့သို့) စနစ်တကျ ပြင်ဆင်ပြီး အင်အားအပြည့်နဲ့ ဆောင်ရွက်ခဲ့လို့ ဒီလိုအခြေအနေမျိုးအထိရောက်တာလို့ စစ်ခေါင်းဆောင်က ဥပမာပေး ချီးကျူးပြောဆိုခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်အနေနဲ့ ဒီအမှုကို ဖြေရှင်းဖို့ ဆုံးဖြတ်လိုက်ရတဲ့ အဓိကအကြောင်းမှာ အပြည်ပြည်ဆိုင်ရာတရားရုံးအနေနဲ့ မြန်မာဘက်က ဆက်ခံသည်ဖြစ်စေ၊ မဆက်ခံသည်ဖြစ်စေ အမှုကို တရားပြိုင်မပါဘဲ တဖက်သတ် စစ်ဆေးသွားနိုင်ပြီး ဒီလို စစ်ဆေးခဲ့ရင် တဖက်သတ် အချက်အလက်တွေကိုပဲ ရယူစစ်ဆေးသွားမှာဖြစ်လို့ မြန်မာနိုင်ငံအနေနဲ့ ဖျောက်မရတဲ့ အမည်းစက် စွန်းထင်းသွားနိုင်တာကြောင့် အမှုကိစ္စကို ဖြေရှင်းဖို့နည်းလမ်းကို ရွေးချယ်ခဲ့တာဖြစ်ကြောင်းလည်း စစ်ခေါင်းဆောင်က ပြောပါတယ်။

စစ်ကောင်စီ အနေနဲ့ ဒီအမှုကို အစိုးရတွေနဲ့ သက်ဆိုင်တဲ့ နိုင်ငံတကာဥပဒေ Public International Law အရ ရှေ့ကအစိုးရ လုပ်ဆောင်ခဲ့တဲ့ လုပ်ငန်းနဲ့ ကတိကဝတ်တွေကို ဆက်ခံရမဲ့ Succession of State တာဝန်ရှိမှုနဲ့အညီ ဆက်လက်ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီအမှုအတွက် နိုင်ငံတကာရှေ့နေအဖွဲ့နဲ့ ပြည်ပ ရခိုင်သမိုင်းကျွမ်းကျင်ပညာရှင် တယောက်ကိုလည်း ငှားရမ်းခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ စတင် တင်သွင်းခဲ့တဲ့ ဒီအမှုဟာ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေတွင်း  ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေက ၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ သဘောတူစာချုပ်ကို ချိုးဖောက်တယ်လို့ စွပ်စွဲခံထားရပါတယ်။

ဒီအမှုကြားနာပွဲတွေကို နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့မှာရှိတဲ့ ICJ တရားရုံးမှာ   ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်က စတင်ခဲ့တာဖြစ်ပြီး  နှစ်ဖက်စလုံးက နှုတ်နဲ့ လျှောက်လဲချက်တွေကို တရားရုံးမှာ နှစ်ကျော့ပြန် တင်ပြခဲ့ကြပြီးနောက် သီတင်းသုံးပတ်နီးပါးအကြာ ဇန်နဝါရီ ၂၉ ရက်မှာ ကြားနာစစ်ဆေးမှုတွေ ပြီးဆုံးခဲ့တာပါ။

ဂမ်ဘီယာကိုယ်စားလှယ်အဖွဲ့ကို သူတို့ရဲ့ ရှေ့နေချုပ်နဲ့ တရားရေးဝန်ကြီး ဒေါ်ဒါဂျဲလို က ဦးဆောင်ပြီး၊ မြန်မာဘက်က ကိုယ်စားလှယ်အဖွဲ့ကိုတော့ စစ်ကောင်စီခန့် နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦးတို့က  ဦးဆောင်ပါတယ်။

ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာစွပ်စွဲထားတဲ့အမှု ကြားနာစစ်ဆေးမှုတွေ ပြီးစီးသွားပြီဖြစ်လို့ အခုချိန်ကစပြီး စီရင်ချက်ချမှတ်ဖို့အတွက် စတင် စဉ်းစားသုံးသပ်တော့မှာ ဖြစ်တယ်လို့ ICJ တရားရုံးက ဇန်နဝါရီ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။

တရားရုံးရဲ့ စီရင်ဆုံးဖြတ်ချက်အမိန့်ကို လူသိရှင်ကြား ကြေညာမဲ့ရက်ကိုလည်း ထပ်ပြီး အသိပေးသွားမှာဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013